ကွန်ဂို ရေကြီးရေလျှံမှုအတွင်း လူ ၂၀၀ ကျော် သေဆုံး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် မေ ၅ ရက်က အနည်းဆုံး လူ ၂၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
တောင်ပိုင်း ကီဗူးပြည်နယ်ရှိ ကာလီဟီနယ်မြေမှာ မိုးရွာသွန်းမှုကြောင့် မေ ၄ ရက်မှာ မြစ်ရေလျှံခဲ့ပြီး ဘူရှူရှူ နဲ့ ညာမူကူဘီ ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး အကူအညီပေးရေး ဝန်ထမ်းတွေဟာ ရွှံ့နွံတွေဖုံးနေတဲ့ အလောင်းတွေ အစုအဝေးကို ဆွဲထုတ်စုပုံနေကြပါတယ်။
ကြက်ခြေနီဝန်ထမ်းတွေလည်း အများအပြား အဝတ်အစားတွေ မပါတော့ပဲ အညစ်အကြေးတွေ ဖုံးလွှမ်းနေတဲ့ အလောင်းတွေကို တခုပေါ်တခု ဆင့်ပြီး တင်ထားကြပါတယ်။
အလောင်းပေါင်း ၂၂၇ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း ဒေသခံအရပ်ဘက် အဖွဲ့အစည်းတစ်ခုမှ ကာဆိုလီ မာတင် က ပြောကြားပါတယ်။
“လူတွေက အကာအကွယ်မရှိတဲ့ ဟင်းလင်းနေရာမှာ ထွက်အိပ်နေကြပြီး ကျောင်းတွေနဲ့ ဆေးရုံတွေလည်း မျောပါသွားတယ်”လို့ မာတင်က ဆိုပါတယ်။
ရေကြီးရေလျှံမှုအတွင်း ဒဏ်ရာရရှိသူ ဒါဇင်ပေါင်းများစွာကို ဒေသတွင်းဆေးရုံမှာ ကုသပေး နေတာပါ။
ဒဏ်ရာရသူများကို စနစ်တကျကုသရန် ဆေးဝါးနှင့် ကိရိယာအလုံအလောက်မရှိဘူးလို့ ကာဟီလီ နယ်မြေက ပင်မဆေးရုံကြီးမှ ဒေါက်တာ နော်ဘတ် ဝလန်ဂူလူ က ပြောပါတယ်။
တောင်ပိုင်း ကီဗူးပြည်နယ်မှာ ရေကြီးခြင်းနဲ့ မြေပြိုခြင်းတို့က အဆန်းတကြယ်ကိစ္စ မဟုတ်တော့ ဘဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံတွေမှာ သူတို့ချစ်ရသူတွေနဲ့ နေအိမ်ဥစ္စာ ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးရတာလည်း ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။
တောင်ပိုင်းကီဗူးပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရဝမ်ဒါနိုင်ငံမှာလည်း အခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၃၀ သေဆုံးကာ အိမ်ခြေ ၅၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။