ယူကရိန်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရုရှားနိုင်ငံက ဘဲလ်ဂိုရော့တ်(Belgorod)မြို့မှာ ဖောက်ခွဲရေးပစ္စည်း တခုကို ရှာတွေ့ခဲ့တာကြောင့် လူဦးရေ ၃၀၀၀ ကျော်ကို ဘေးလွတ်ရာဆီ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဧပြီ ၂၂ ရက်မှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးဖြစ်သူက အတည်ပြုပါတယ်။
ဒီမြို့မှာပဲ ရုရှားတိုက် လေယာဉ်တစင်းက မတော်တဆ ဗုံးကြဲမိပြီး ၂ ရက်အကြာမှာ အခုလို ဖြစ်ပွားခဲ့တာပါ။
စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေး ကျွမ်းကျင်သူတွေအနေနဲ့လည်း ဒီပစ္စည်းကို လေ့ကျင့်ရေးကွင်း တခုမှာ ရှင်းလင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဘဲလ်ဂိုရော့တ် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ဗီးချက်စ်လက်ဗ် ဂလတ်ကော့ဗ် (Vyacheslav Gladkov)က တယ်လီဂရမ်မှာ ရေးသားထားပါတယ်။
“ဒီဖောက်ခွဲရေးပစ္စည်းနဲ့ အချင်းဝက်မီတာ ၂၀၀ အတွင်းရှိ လူနေတိုက်ခန်း ၁၇ ခုကို ရွှေ့ပြောင်း နေရာချပေးဖို့ စီမံခန့်ခွဲရေးဌာနချုပ်က ဆုံးဖြတ်ခဲ့ပါတယ်၊ ပဏာမအချက်အလက်တွေအရ လူဦးရေ ၃၀၀၀ကျော်ရှိပြီး အကူအညီလိုအပ်သူတိုင်းအတွက် ယာယီနေရာ ထိုင်ခင်းတွေကိုပါ ထောက်ပံ့ပေးသွားမယ်” လို့ အုပ်ချုပ်ရေးမှူးက မှတ်ချက်ပေးပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကလည်း အသံထက်မြန်တဲ့ ရုရှားနိုင်ငံထုတ် ဆူခိုင်-၃၄ (Sukhoi-34) တိုက်လေယာဉ်ဟာ ဘဲလ်ဂရော့တ်မြို့မှာ ပေါက်ကွဲစေခဲ့တာကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒါပေမယ့် ဒီဖြစ်ရပ်နှစ်ခုစလုံးက ဆက်စပ်နေတာလား ဆိုတာကိုတော့ မသိရသေးပါဘူး။
အမေရိကန်ပြည်ထောင်စုဟာ သြဂုတ် ၁၉ ရက်မှာ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ် လေဆိပ်ကနေ လူ ၃၀၀၀ လောက်ကို ဘေးကင်းတဲ့နေရာ ရွှေ့ပြောင်းကယ်ထုတ်ပေးခဲ့တယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကယ်ထုတ်ခံရသူ ၃၅၀ နီးပါးလောက်ဟာ အမေရိကန်နိုင်ငံသားတွေဖြစ်တယ်လို့လည်း သြဂုတ် ၂၀ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
သြဂုတ် ၁၄ ရက်ကတည်းက စစ်တပ်ဟာ လူ ၉၀၀၀ လောက်ကို ကယ်ဆယ်ခဲ့တာဖြစ်ပြီး နောက်ထပ် ခေါ်ထုတ်ကယ်ဆယ်ပေးခဲ့သူတွေမှာ အမေရိကန်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေ၊ အထူးရွှေ့ပြောင်းနေထိုင်ခွင့်ဗီဇာ လျှောက်ထားသူတွေနဲ့သူတို့ရဲ့မိသားစုတွေ၊ ထိခိုက်လွယ်တဲ့ အာဖဂန်လူမျိုးတွေ ပါတယ် လို့ တာဝန်ရှိသူက ပြောပါတယ်။
အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနဟာ ဒီအပတ်အစောပိုင်းထဲက အာဖဂန်နစ္စတန် အတွက် အမေရိကန်ကယ်ထုတ်ရေး ကြိုးပမ်းဆောင်ရွက်မှုတချို့ရဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတချို့ကို ထုတ်ပြန်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်ရဲ့ မြို့တော်ကို တာလီဘန်တွေ သိမ်းပိုက်ပြီးကတည်းက ကဘူးလ်မြို့ကနေ ထွက်ပြေးကြသူ လူပေါင်း ၁၈၀၀၀ ကျော် ရှိတယ်လို့ နေတိုးအရာရှိ တစ်ယောက်က သြဂုတ် ၂၀ ရက်မှာ ပြောပါတယ်။
ဒီအကြပ်အတည်းအပေါ် အနောက်နိုင်ငံတွေရဲ့ ကိုင်တွယ်ပုံအပေါ် ဝေဖန်မှုတွေ မြင့်တက်လာတာကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းရေးကြိုးပမ်းမှုတွေကို နှစ်ဆတိုး လုပ်ဆောင်ပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
တာလီဘန်တွေဟာ လေဆိပ်မှာ မငြိမ်မသက်မှုတွေ၊ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှု သတင်းတွေကြားမှာပဲ လူတွေကို အာဖဂန်နစ္စတန်ကနေ မထွက်ခွာအောင် စည်းရုံးဖို့ အီမန် ဘာသာရေးဆရာတွေကို တောင်းဆိုလိုက်ပြီး စည်းလုံးညီညွတ်မှု ရှိဖို့လည်း တိုက်တွန်းခဲ့ပါတယ်။