စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတချို့မှာ ဧပြီ ၂၁ ရက် ညနေ ၅ နာရီက လေပြင်းတိုက်ကာ မိုးရွာသွန်းတာကြောင့် လူနေအိမ် တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အခုလို လေပြင်းတိုက်လို့ နေအိမ်တချို့ ပျက်စီးခဲ့ရသလို အချိန်အခါမဲ့ မိုးရွာတာကြောင့် နေရေး၊ ထိုင်ရေးမှာပါ ဒုက္ခရောက်ခဲ့တယ်လို့သိရပါတယ်။
အိုင်တောင်ဒေသခံရွာသား တဦးက “လေက အတော်လေးကြမ်းတယ်။ အိုင်တောင်ရွာမက အိမ် ၃၅ လုံး ခေါင်မိုးတွေလန်ပျက်စီးသွားတယ်။ လျှပ်စစ်မီးတိုင်တွေလည်း ပျက်စီးတာ ရှိတယ်။ ကမ္ဘာအေးရွာက ၁၀ လုံး နီးပါးလောက်ဖြစ်မယ်။ တောထဲမှာရှိတဲ့ စစ်ရှောင်တဲတွေလည်း တော်တော်များများ ပျက်စီးတယ်။ အုန်းပင်ဆိပ်ရွာ၊ သပြေတောရွာ၊ နတ်လာပို့ရွာတွေလည်း ပျက်စီးလောက်တယ်။ လက်ရှိ ပျက်စီးတဲ့အိမ်နဲ့ စစ်ဘေးရှောင်တဲတွေအပါဝင်ဆိုရင် ခန့်မှန်းခြေ ရာဂဏန်းလောက်ရှိလိမ့်မယ် ထင်တယ်။ အတိကျတော့ စာရင်း မပြုစုရသေးဘူး”လို့ ပြောပါတယ်။
အခုလို လေပြင်းတိုက်ခတ်တာကြောင့် ဒေသခံရွာသူရွာသားတွေအပြင် စစ်ဘေးရှောင်တဲတွေ ပါဝင်တာကြောင့် အကူအညီတွေလိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိုင်တောင်ရွာမှာ အခုလို လေးပြင်းတိုက်ခတ်လို့ အရင်နှစ်တွေက အခုလို ဖြစ်တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
နိုင်ငံတကာရွက်လွှင့်ပြိုင်ပွဲတခုဖြစ်တဲ့ သြစတြေးလျဂရန်းပရီပြိုင်ပွဲ ဒုတိယမြောက်နေ့မှာ လေပြင်းတိုက်လို့ ပြိုင်ပွဲဝင်လှေတွေ ထိခိုက်ပျက်စီးသွားတဲ့အတွက် ဖေဖော်ဝါရီ ၁၉ ရက်က ဒီပြိုင်ပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။
ရွက်လွှင့်ဂရန်းပရီပြိုင်ပွဲ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ဓာတ်ပုံတွေအရ ကနေဒါအသင်းရဲ့ လှေပျက်စီးသွားတာကို တွေ့ရပြီး “ရာသီဥတုဆိုင်ရာ အရေးကြီးဖြစ်ရပ်” တခုကြောင့် ဆစ်ဒနီ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ဒီပြိုင်ပွဲကိုဖျက်သိမ်းဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ကနေဒါအသင်း ရွက်လွှင့်တောင်ပံတခုကို ကရိန်းနဲ့ ချိတ်ဆွဲထားရာကနေ လေပြင်းတိုက်ခတ်လာတာကြောင့် ပြိုင်ပွဲမဏ္ဍပ်နေရာကို ထိခိုက်ပျက်စီးစေခဲ့သလို မြေပြင်ပေါ်ကိုလည်း ပြုတ်ကျလာတဲ့အတွက် အောက်မှာရှိနေတဲ့ ပွဲကြည့်ပရိသတ်တွေနဲ့ အလုပ်သမားတွေက ဘေးလွတ်ရာကို ရှောင်ပြေးခဲ့ကြရတာပါ။
“ကျနော်တို့သိရသလောက်ကတော့ ဒီဖြစ်ရပ်အတွင်း ဘယ်သူမှ ဒဏ်ရာအပြင်းအထန် မရရှိခဲ့ပါဘူး။ အခုလို ပျက်စီးဆုံးရှုံးခဲ့တာတွေအတွက် အကဲဖြတ်တွက်ချက်မှု အပြည့်အစုံကို လုပ်ဆောင်နေပြီး ဒီဖြစ်ရပ်ကြောင့် လာမယ့် ရွက်လွှင့်ဂျီပီပြိုင်ပွဲတချို့မှာလည်း နှောင့်နှေးမှု ရှိနိုင်ပါတယ်” လို့ ပွဲစီစဉ်သူတွေက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။