လေပြင်းကြောင့် သြစတြေးလျဂရန်း ပရီ ရွက်လွှင့်ပြိုင်ပွဲ ဖျက်သိမ်း

နိုင်ငံတကာရွက်လွှင့်ပြိုင်ပွဲတခုဖြစ်တဲ့ သြစတြေးလျဂရန်းပရီပြိုင်ပွဲ ဒုတိယမြောက်နေ့မှာ လေပြင်းတိုက်လို့ ပြိုင်ပွဲဝင်လှေတွေ ထိခိုက်ပျက်စီးသွားတဲ့အတွက် ဖေဖော်ဝါရီ ၁၉ ရက်က ဒီပြိုင်ပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။
ရွက်လွှင့်ဂရန်းပရီပြိုင်ပွဲ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ဓာတ်ပုံတွေအရ ကနေဒါအသင်းရဲ့ လှေပျက်စီးသွားတာကို တွေ့ရပြီး “ရာသီဥတုဆိုင်ရာ အရေးကြီးဖြစ်ရပ်” တခုကြောင့် ဆစ်ဒနီ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ဒီပြိုင်ပွဲကိုဖျက်သိမ်းဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ကနေဒါအသင်း ရွက်လွှင့်တောင်ပံတခုကို ကရိန်းနဲ့ ချိတ်ဆွဲထားရာကနေ လေပြင်းတိုက်ခတ်လာတာကြောင့် ပြိုင်ပွဲမဏ္ဍပ်နေရာကို ထိခိုက်ပျက်စီးစေခဲ့သလို မြေပြင်ပေါ်ကိုလည်း ပြုတ်ကျလာတဲ့အတွက် အောက်မှာရှိနေတဲ့ ပွဲကြည့်ပရိသတ်တွေနဲ့ အလုပ်သမားတွေက ဘေးလွတ်ရာကို ရှောင်ပြေးခဲ့ကြရတာပါ။
“ကျနော်တို့သိရသလောက်ကတော့ ဒီဖြစ်ရပ်အတွင်း ဘယ်သူမှ ဒဏ်ရာအပြင်းအထန် မရရှိခဲ့ပါဘူး။ အခုလို ပျက်စီးဆုံးရှုံးခဲ့တာတွေအတွက် အကဲဖြတ်တွက်ချက်မှု အပြည့်အစုံကို လုပ်ဆောင်နေပြီး ဒီဖြစ်ရပ်ကြောင့် လာမယ့် ရွက်လွှင့်ဂျီပီပြိုင်ပွဲတချို့မှာလည်း နှောင့်နှေးမှု ရှိနိုင်ပါတယ်” လို့ ပွဲစီစဉ်သူတွေက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။