close

သတင်းကြေညာသူ

close

December 17, 2022

အစိုးရကိုဝေဖန်သူ နာမည်ကြီး သတင်းကြေညာသူ တိုက်ခိုက်ခံရမှုအပေါ် မက္ကဆီကိုသမ္မတရှုတ်ချ

မက္ကဆီကိုနိုင်ငံက နာမည်ကြီးသတင်းကြေညာသူဆီရို ဂိုမက်ဇ်လေဗာကို ကားမောင်းနေတုန်း လုပ်ကြံသူတွေက သေနတ်နဲ့ပစ်ခတ်ဖို့ ကြိုးစားတဲ့လုပ်ရပ်ကို သမ္မတ လိုပက်ဇ် အိုဘရာဒေါက ဒီဇင်ဘာလ ၁၆ ရက်မှာ ရှုတ်ချလိုက်ပါတယ်။ 

ရုပ်မြင်သံကြားနဲ့ရေဒီယိုတင်ဆက်သူ ဆီရိုဂိုမက်ဇ်လေဗာဟာ ဒီဇင်ဘာ ၁၅ ရက်ညပိုင်းက သူ့ရဲ့နေအိမ်ကနေ မီတာ ၂၀၀ အကွာမှာ ဆိုင်ကယ်စီးလာတဲ့ အမည်မသိလူနှစ်ယောက်က သူ့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း တွစ်တာမှာ ပြောကြားခဲ့ပြီး မော်တော်ယာဉ်ပေါ်ရှိ ကျည်ဆန်ထိမှန်ထားတဲ့ပုံတွေကို မျှဝေခဲ့ပါတယ်။ 

ဂိုမက်ဇ်ဟာ ယာဉ်ရဲ့အကာအကွယ်ကြောင့် အသက်ရှင်လျက် ရှိနေပြီး ဒီဇင်ဘာ ၁၆ ရက်က သူ့ရဲ့မနက်ခင်းတတင်းအစီအစဉ်တင်ဆက်တဲ့တာဝန်ကို ပြန်လည် ထုတ်လွှင့်ခဲ့ပါတယ်။

မက္ကစီကိုအစိုးရရဲ့မူဝါဒတွေကိုဝေဖန်ကြတဲ့ ဂိုမက်ဇ်နဲ့ တခြား နာမည်ကြီး သတင်းထောက်တွေကို အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့တဲ့ သမ္မတလိုပက်ဇ် အိုဘရာဒေါက ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။ 

ဒါ့အပြင် တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး တိုက်ခိုက်ခံရတဲ့ သတင်းထောက်ကို ပွေ့ဖက်နှစ်သိမ့်လိုက်ပါတယ်လို့ မက္ကဆီကိုခေါင်းဆောင်က ပြောပါတယ်။ 

မက္ကဆီကိုဟာ သတင်းသမားတွေအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံးနိုင်ငံဖြစ်တယ် လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။ 

ဒီအစီရင်ခံစာမှာ အခုနှစ်အတွင်း သတင်းမီဒီယာသမား ၁၁ ဦး အသတ်ခံရမှုကို ဖော်ပြခဲ့ပြီး တခြားအုပ်စုတွေက အရေအတွက် ပိုများကြောင်း မှတ်တမ်းတင်ထားပါတယ်။ 

2 mins Ago

December 6, 2021

CNN နာမည်ကြီး သတင်းကြေညာသူ ခရစ်ကွာမို အလုပ်ထုတ်ခံရ

CNN သတင်းဌာနက လူသိများတဲ့ သူ့ရဲ့ သတင်းကြေညာသူ ခရစ်ကွာမိုကို ဌာနကနေ ထုတ်ပယ်လိုက်ပြီလို့ ဒီဇင်ဘာ ၄ ရက်က ကြေညာ လိုက်ပါတယ်။ 

ခရစ်ဟာ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အန်ဒရူး ကွာမိုနဲ့ ညီအကို တော်စပ်သူပါ။ အန်ဒရူးရဲ့ လိင်ပိုင်း မဖွယ်မရာ ပြုမှုစွဲချက်နဲ့ ပတ်သက်တဲ့ အပေးအယူမှာ ကူညီဖို့ ခရစ်က အားထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ နောက်ထပ် သတင်းအချက်အလက်တွေ ထပ်ရအပြီး ခုလို အလုပ်ထုတ် ခံရတာလည်း ဖြစ်ပါတယ်။

CNN ရဲ့ လူကြည့်အများဆုံး အချိန်မှာ ပြသတဲ့  ခရစ်  တင်ဆက်တဲ့ သတင်းအစီအစဉ်ကိုလည်း အင်္ဂါနေ့က စတင် ဆိုင်းငံ့ခဲ့ပါတယ်။

ခရစ်ကတော့ သတင်းကွန်ရက်ရဲ့ စည်းမျဉ်းတချို့ကို ချိုးဖောက်ခဲ့တယ်လို့ မေလတုန်းက ဝန်ခံခဲ့ပါတယ်။4

သူဟာ ပြည်သူ့ဆက်ဆံရေး ရှုထောင့်ကနေပြီး စွဲချက်တွေကို ဘယ်လို ကိုင်တွယ်သင့်တယ်ဆိုတာ အစ်ကိုဖြစ်သူ အန်ဒရူးကို အကြံပေးခဲ့တယ်လို့ ဝန်ခံ ထားပါတယ်။

အသက် ၆၃ နှစ်အရွယ် အန်ဒရူးကတော့ လိင်မှုဆိုင်ရာ အကျင့်ဆိုးတွေနဲ့ ပတ်သက်တဲ့ စွဲချက် အတော်များများကို ရင်ဆိုင်အပြီး ဩဂုတ်လမှာ အုပ်ချုပ်ရေးမှူးအဖြစ်ကနေ နုတ်ထွက်ဖို့ ဖိအားပေး ခံခဲ့ရပါတယ်။ သူကတော့ အမှားမလုပ်ဘူးလို့ ငြင်းဆို ထားပါတယ်။

1 year Ago
Up