အစိုးရကိုဝေဖန်သူ နာမည်ကြီး သတင်းကြေညာသူ တိုက်ခိုက်ခံရမှုအပေါ် မက္ကဆီကိုသမ္မတရှုတ်ချ

မက္ကဆီကိုနိုင်ငံက နာမည်ကြီးသတင်းကြေညာသူဆီရို ဂိုမက်ဇ်လေဗာကို ကားမောင်းနေတုန်း လုပ်ကြံသူတွေက သေနတ်နဲ့ပစ်ခတ်ဖို့ ကြိုးစားတဲ့လုပ်ရပ်ကို သမ္မတ လိုပက်ဇ် အိုဘရာဒေါက ဒီဇင်ဘာလ ၁၆ ရက်မှာ ရှုတ်ချလိုက်ပါတယ်။
ရုပ်မြင်သံကြားနဲ့ရေဒီယိုတင်ဆက်သူ ဆီရိုဂိုမက်ဇ်လေဗာဟာ ဒီဇင်ဘာ ၁၅ ရက်ညပိုင်းက သူ့ရဲ့နေအိမ်ကနေ မီတာ ၂၀၀ အကွာမှာ ဆိုင်ကယ်စီးလာတဲ့ အမည်မသိလူနှစ်ယောက်က သူ့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း တွစ်တာမှာ ပြောကြားခဲ့ပြီး မော်တော်ယာဉ်ပေါ်ရှိ ကျည်ဆန်ထိမှန်ထားတဲ့ပုံတွေကို မျှဝေခဲ့ပါတယ်။
ဂိုမက်ဇ်ဟာ ယာဉ်ရဲ့အကာအကွယ်ကြောင့် အသက်ရှင်လျက် ရှိနေပြီး ဒီဇင်ဘာ ၁၆ ရက်က သူ့ရဲ့မနက်ခင်းတတင်းအစီအစဉ်တင်ဆက်တဲ့တာဝန်ကို ပြန်လည် ထုတ်လွှင့်ခဲ့ပါတယ်။
မက္ကစီကိုအစိုးရရဲ့မူဝါဒတွေကိုဝေဖန်ကြတဲ့ ဂိုမက်ဇ်နဲ့ တခြား နာမည်ကြီး သတင်းထောက်တွေကို အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့တဲ့ သမ္မတလိုပက်ဇ် အိုဘရာဒေါက ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး တိုက်ခိုက်ခံရတဲ့ သတင်းထောက်ကို ပွေ့ဖက်နှစ်သိမ့်လိုက်ပါတယ်လို့ မက္ကဆီကိုခေါင်းဆောင်က ပြောပါတယ်။
မက္ကဆီကိုဟာ သတင်းသမားတွေအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံးနိုင်ငံဖြစ်တယ် လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဒီအစီရင်ခံစာမှာ အခုနှစ်အတွင်း သတင်းမီဒီယာသမား ၁၁ ဦး အသတ်ခံရမှုကို ဖော်ပြခဲ့ပြီး တခြားအုပ်စုတွေက အရေအတွက် ပိုများကြောင်း မှတ်တမ်းတင်ထားပါတယ်။