ဘရာဇီးနိုင်ငံမှာ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို အောက်တိုဘာ ၃၀ ရက် ကျင်းပမှာ ဖြစ်ပြီး အကြိုစစ်တမ်းတွေမှာတော့ လက်ဝဲယိမ်းခေါင်းဆောင် လူဝစ် အင်နာစီယို လူလာ ဒီ ဆေးလ်ဗားက လက်ယာယိမ်းဝါဒီ လက်ရှိသမ္မတ ဘိုလ်ဆိုနာရိုထက် လူထုထောက်ခံမှု ပိုရနေတာကို ပြသနေပါတယ်။
အောက်တိုဘာ ၂ ရက်နေ့မှာ ပထမမကျော့ ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး အရင်တပတ်က ဒေတာဖော်ဟာ အဖွဲ့ရဲ့ စစ်တမ်းအရ လူလာက လူထုထောက်ခံမှု ၄၉ ရာခိုင်နှုန်း၊ ဘိုလ်ဆိုနာရိုက ၄၄ ရာခိုင်နှုန်း အသီးသီး ရရှိထားပါတယ်။
စစ်တမ်းကောက်ယူတဲ့အဖွဲ့ဟာ လူပေါင်း ၂၈၉၈ ယောက်ကို အောက်တိုဘာ ၁၃- ၁၄ ရက်နေ့မှာ အင်တာဗျူးခဲ့ပြီးနောက် ရလဒ်ကို ထုတ်ပြန်တာဖြစ်ပြီး၊ အတိုးအလျော့ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ သမ္မတကတော့ အောက်တိုဘာ ၁၄ ရက်က ရီယိုဒီ ဂျနဲယိုမြို့မှာ ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားရာမှာ ရွေးကေက်ပွဲကျရင် သေချာမဲပေးကြဖို့၊ မှားယွင်းခဲ့ရင် အရင်သမ္မတဟောင်း လူလာ အာဏာပြန်ရပြီး တိုင်းပြည်ဟာလည်း ကွန်မြူနစ် နိုင်ငံဖြစ်သွား လိမ့်မယ်လို့ စည်းရုံး ဟောပြောခဲ့ပါတယ်။
လူလာဟာ ဘရာဇီးကို ၂၀၀၃ ကနေ ၂၀၁၀ အထိ သမ္မတအဖြစ် အုပ်ချုပ်ခဲ့သူ ဖြစ်ပြီး အခု တကြိမ် ပြန်အရွေးခံရရင် သူ့အတွက် တတိယမြောက် သမ္မတ သက်တမ်း ဖြစ်လာပါလိမ့်မယ်။
နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှု စိုးရိမ်နေရတဲ့ အာရှရဲ့ နုနယ်တဲ့ ဒီမိုကရေစီနိုင်ငံ အရှေ့တီမောမှာ မတ် ၁၉ ရက် စနေနေ့က ပဉ္စမအကြိမ်မြောက် သမ္မတရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။
ယှဉ်ပြိုင်တဲ့ သမ္မတလောင်း ၁၆ ဦး ရှိပြီး တော်လှန်ရေးခေါင်းဆောင် လက်ရှိသမ္မတ ဖရန်စစ္စကို လူအိုလို ဂူတာရပ်စ်၊ စာပေနိုဘယ်လ်ဆုရှင် ဟိုဆေးရာမို့စ်ဟော်တာနဲ့ ကက်သလစ်ဘုန်ကြီးဟောင်း တဦးတို့လည်း ပါဝင်ပါတယ်။
သမ္မတဂူတာရက်စ် ကိုယ်တိုင် မဲရုံကို လာရောက် မဲပေးတာပါ။
တီမော အမျိုးသားတက္ကသိုလ်က ရွေးကောက်ပွဲမတိုင်မီ ကောက်ယူတဲ့ စစ်တမ်းအရ အသက် ၇၂ နှစ်ရှိ ရာမို့စ်ဟောတာက ၃၉ ရာခိုင်နှုန်းနဲ့ ရှေ့က ပြေးနေပါတယ်။
လူဦးရေ ၁ ဒသမ ၃ သန်းရှိတဲ့ အရှေ့တီမောရဲ့ နိုင်ငံရေးစနစ်မှာ သမ္မတက အုပ်ချုပ်ရေး အာဏာအချို့ကို ခွဲဝေထားပေမဲ့ အစိုးရတဖွဲ့လုံးကို ခန့်အပ်တာပါ။ သမ္မတက ဝန်ကြီးတွေကို ဖြုတ်ချခွင့်ရှိသလို ပါလီမန်ကိုလည်း ဖျက်သိမ်းခွင့် ရှိပါတယ်။
အခုရွေးကောက်ပွဲမှာ သမ္မတလောင်းတဦး ပြတ်ပြတ်သားသား အနိုင်မရခဲ့ရင်၊ မဲအများဆုံးရတဲ့ ထိပ်ဆုံးနှစ်ဦး ဧပြီ ၁၉ ရက်မှာ ပြန်ယှဉ်ပြိုင်ကြရမှာပါ။