စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာက ပျူစောထီးတွေကို နိုဝင်ဘာ ၃ ရက် မနက် ၁၀ နာရီက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
မြင်းခြံ Zero ပြောက်ကျားတပ်ရင်းခေါင်းဆောင် ကိုသက်ကြီးက “မစ်ရှင်ကို ၁၀ နာရီမှာ စတင်လှုပ်ရှားတယ်။ သူတို့ နိုဝင်ဘာ ၁ ရက်နေ့က တိုက်မိုင်းမိတဲ့ ပျူခေါင်းဆောင်သားအဖရဲ့ နာရေးလုပ်လာတဲ့အချိန်မှာ ဒရုန်း ၅ စီး အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ။ ဒရုန်းစစ်ဆင်ရေးဆိုတော့ ကိုယ့်ဘက်က အထိအခိုက် မရှိခဲ့ဘူး။ (--)တွေဘက်ကတော့ ၁၅ ယောက်ထက်မနည်း သေတယ်။ ၂၀ လောက် ဒဏ်ရာရတယ်လို့ ရွာအတွင်းကနေ သတင်းရထားတယ်” လို့ ပြောပါတယ်။
အခုလို ဒရုန်းနဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ပြီး သလဲဘာကျေးရွာအတွင်းကနေ ၄၀ မမတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ အနီးပတ်ဝန်းကျင်ကျေးရွာနေ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီး ထိခိုက်သေဆုံးသူစာရင်းကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။
အခုတိုက်ခိုက်တာကို Zero ပြောက်ကျားတပ်ဖွဲ့ ဦးဆောင်ပြီး Danger Force၊ BRA၊ MRTF၊ ဇာမဏီ နဂါးနီ (ကျောက်ဆည်) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် သလဲဘာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၁၀၀ လောက်ဟာ ဒီဇင်ဘာ ၁၃ ရက် မနက်ခင်းပိုင်းက ကဲဘာရွာနဲ့ ကျောက်ကုန်းကျေးရွာတို့ကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၀၀ လောက် မီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “သူတို့လာကတည်းက ပစ်ခတ်လာတယ်။ ရွာထဲလည်းရောက်ရော မီးရှို့တော့တာပဲ။ တွေ့တာအကုန်ရှို့တာ။ လူတွေကတော့ ရှောင်နေရတယ်။ သူတို့ရှို့ပြီး ရွာက လူငယ်လေးတွေ အရဲစွန့် မီးသတ်ဖို့တော့လုပ်ခဲ့တယ်။ ဒါပေမဲ့ အိမ်ခြေအတော်များများ မီးလောင်သွားတယ်” လို့ ပြောပါတယ်။
ကဲဘာရွာကို မီးရှို့နေစဉ် တပြိုင်နက်တည်း စစ်ကောင်စီစစ်သားတွေက ကဲဘာရွာနဲ့ မူးမြစ်သာခြားတဲ့ တဖက်ကမ်းက ကျောက်ကုန်းရွာကိုလည်း မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။
မီးရှို့ပြီးနောက် စစ်တပ်နဲ့ ပျူစောထီးတပ်ဖွဲ့ဟာ သလဲဘာကျေးရွာဘက်ကို ပြန်လည်ဆုတ်လာပြီး သလဲဘာအနီး ဆုတောင်းပြည့်မြစည်းခုံဘုရားမှာ တပ်စွဲစခန်းချထားတယ်လို ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။