ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ မြဝတီကျေးရွာအနီးမှာ ဇူလိုင် ၁၈ ရက်က စစ်ကောင်စီကားတစီး ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တောင်ပြိုဗျူဟာစစ်ကြောရေးကို ခေါ်ယူစစ်ဆေးဖမ်းဆီးထားတဲ့ သာယာကုန်းကျေးရွာတာဝန်ခံ ဦးမောင်ဘသိန်းဟာ ပျောက်ဆုံးနေပြီး ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဇနီးဖြစ်သူက အတည်ပြုပြောပါတယ်။
ဇနီးဖြစ်သူ ဒေါ်မြသိန်က “တောင်ပြိုကို ခေါ်ယူသွားတဲ့နေကတည်းက သင်္ဘောလှ အုပ်ချုပ်ရေးမှူးသာ ပြန်ရောက်လာတယ်။ ကျမအိမ်ရှင် ဒီနေ့အထိ ပြန်မရောက်သေးဘူး။ ကြိမ်ချောင်းနဲ့ တရိမ်း အုပ်ချုပ်ရေးမှူးတွေကို အမှုဖွင့် ရုံးထုတ်ရာမှာလည်း မပါဘူး။ တောက်ပြိုဗျူဟာကို သွားမေးတယ်။ မရှိဘူးလို့ပြောတယ်။ ကြိမ်ချောင်းစခန်းသွားမေးလည်း မရှိဘူးလို့ပြောတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ပျောက်ဆုံးနေတဲ့ သာယာကုန်းကျေးရွာ တာဝန်ခံ ဦးမောင်ဘသိန်းဟာ အသက် ၃၄ နှစ်ရှိပြီး ခြေတဖက် မသန်ကြောင်း ဆိုပါတယ်။
သင်္ဘောလှကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်စိန်ထွန်နဲ့ သာယာကုန်းကျေးရွာတာဝန်ခံ ဦးမောင်ဘသိန်းတို့ ၂ ယောက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က စစ်ဆေးဖို့ရှိတယ်ဆိုပြီး တောင်ပြိုဗျူဟာက ခေါ်တဲ့အတွက် ၂ ယောက် အတူသွားရောက်ခဲ့ကြရာ သင်္ဘောလှကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်စိန်ထွန် ပြန်လွှတ်ခဲ့ပြီး သာယာကုန်းကျေးရွာတာဝန်ခံ ဦးမောင်ဘသိန်းကိုတော့ ဖမ်းဆီးထားတာပါ။
ဒေါ်မြသိန်က “သူက ထွက်ပြေးနိုင်တဲ့ အနေအထား မရှိပါ။ ခြေတဖက် မသန်စွမ်းပါ။ စစ်ဆေးရာမှာ လက်လွန်ပြီး သေသွားတာလား မသိဘူး။ သေသွားရင်လည်း မိသားစုကို အကြောင်းကြားရမှာပါ။ အမှုဖွင့် ရုံးထုတ်တဲ့အထဲမှာလည်း မပါဘူး။ ကျမတို့ ဘာဆက်လုပ်ရမလည်း မသိတော့ပါဘူး” လို့ ပြောပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီးမှာ ဇူလိုင် ၁၈ ရက်က စစ်ကောင်စီ ကားတစီးကို အေအေက မိုင်းခွဲတိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုကိုအောင် (ခ) ဘုန်းကံနိုင်၊ တရိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်စိုးမောင်း (ခ) ဇာလီ၊ သာယာကုန်းကျေးရွာတာဝန်ခံ မောင်ဘသိန်းနဲ့ အရပ်သားတွေဖြစ်ကြတဲ့ ဦးထွန်ရွှေနဲ့ ဦးထွန်းအေးကြိုင်တို့ဟာ မသင်္ကာမှုနဲ့ ဖမ်းဆီးခံခဲ့ကြရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ သာယာကုန်းကျေးရွာမှာ ဘုရားကျောင်းတကျောင်း အပါအဝင် လူနေအိမ်ခြေ ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သာယာကုန်းကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက သြဂုတ် ၂ ရက်မှ ၄ ရက်အထိ ၃ ရက်အတွင်း လူနေအိမ်ခြေ ၅၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ သာယာကုန်းကျေးရွာမှာ လူဦးရေ ၁၅၀၀ လောက်နေထိုင်ကြပြီး ချင်းတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။
သာယာကုန်းကျေးရွာ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ မီဒီယာတွေမှာတော့ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေ မီးရှို့တာလို့ စွပ်စွဲဖော်ပြထားပါတယ်။
အခုသြဂုတ်လဆန်းပိုင်းကစလို့ ကလေးနည်းပညာတက္ကသိုလ်အနီး တည်ရှိတဲ့ သာယာကုန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
တိုက်ပွဲတွေကြောင့် ရွာသားတွေအားလုံး ကလေးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အသင်းတော်၊ အရပ်ဖက်အဖွဲ့အစည်းတွေက ကူညီစောင့်ရှောက်ပေးနေတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာချိန်မှာ ထွက်မပြေးနိုင်ဘဲ ရွာမှာကျန်ခဲ့တဲ့ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေအပါအဝင် ရွာသား အယောက် ၃၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး သြဂုတ် ၆ ရက်က ပြန်လွှတ်ပေးခဲ့ပါတယ်။
အခုရက်ပိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားလို့ သာယာကုန်းကျေးရွာအပြင် ထောက်ကြံ့၊ ကြာအင်း၊ သံသာရွာနဲ့ တွန်းချောင်းရွာတို့မှာလည်း ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရ ပါတယ်။