close

ကလေးမြို့နယ်တွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ သာယာကုန်းကျေးရွာမှာ ဘုရားကျောင်းတကျောင်း အပါအဝင် လူနေအိမ်ခြေ ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာယာကုန်းကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက သြဂုတ် ၂ ရက်မှ ၄ ရက်အထိ ၃ ရက်အတွင်း လူနေအိမ်ခြေ ၅၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ သာယာကုန်းကျေးရွာမှာ လူဦးရေ ၁၅၀၀ လောက်နေထိုင်ကြပြီး ချင်းတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့  ကျေးရွာဖြစ်ပါတယ်။

သာယာကုန်းကျေးရွာ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ မီဒီယာတွေမှာတော့ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေ မီးရှို့တာလို့ စွပ်စွဲဖော်ပြထားပါတယ်။

အခုသြဂုတ်လဆန်းပိုင်းကစလို့ ကလေးနည်းပညာတက္ကသိုလ်အနီး တည်ရှိတဲ့ သာယာကုန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

တိုက်ပွဲတွေကြောင့် ရွာသားတွေအားလုံး ကလေးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အသင်းတော်၊ အရပ်ဖက်အဖွဲ့အစည်းတွေက ကူညီစောင့်ရှောက်ပေးနေတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာချိန်မှာ ထွက်မပြေးနိုင်ဘဲ  ရွာမှာကျန်ခဲ့တဲ့ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေအပါအဝင်  ရွာသား အယောက် ၃၀ လောက်ကို  စစ်ကောင်စီတပ်က  ဖမ်းဆီးခဲ့ပြီး  သြဂုတ် ၆ ရက်က  ပြန်လွှတ်ပေးခဲ့ပါတယ်။

အခုရက်ပိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားလို့  သာယာကုန်းကျေးရွာအပြင် ထောက်ကြံ့၊ ကြာအင်း၊ သံသာရွာနဲ့ တွန်းချောင်းရွာတို့မှာလည်း ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရ ပါတယ်။

//
Up