သြစတြေးလျရဲတပ်ဖွဲ့နဲ့ အခွန်အရာရှိတွေဟာ နယူးဆောက်ဝေးလ်ပြည်နယ်၊ မူးရ်ဂါမြို့ရှိ အိမ်ရာတအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာမှာ တရားမဝင် ဆေးရွက်ကြီး တန်ချိန် ၁၆ တန်လောက်ကို သိမ်းဆည်းရမိပြီး ဖျက်ဆီးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆစ်ဒနီမြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၅၀ အကွာမှာ တရားမဝင် ဆေးရွက်ကြီး စိုက်ပျိုးနေကြောင်းကို မနှစ်က သတင်းရရှိပြီးနောက်မှာ ဧပြီ ၅ ရက် မနက် ၁၀ နာရီလောက်က စီးနင်းခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။
ဒီဖမ်းဆီးရမိမှုဟာ ယစ်မျိုးပစ္စည်း ပြည်တွင်းစည်းကြပ်ခွန် ဒေါ်လာ ၂၈ သန်းကျော် ခန့်မှန်းခြေ ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီအမှုမှာပါဝင်ပတ်သက်သူတွေကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းနဲ့ စုံစမ်းမှုတွေကို ဆက်လုပ်ဆောင်နေကြောင်းလည်း ရဲတွေက ဆိုပါတယ်။
သြစတြေးလျမှာ သင့်လျော်တဲ့ ယစ်မျိုးလိုင်စင်မရှိဘဲ ဆေးရွက်ကြီးစိုက်ပျိုးခြင်းက တရားမဝင်ပါဘူး။
ဩစတေးလျအခွန်ရုံးရဲ့ အဆိုအရ ဩစတေးလျမှာ ၂၀၀၆ ခုနှစ်ကတည်းက လိုင်စင်ရ ဆေးရွက်ကြီး စိုက်ပျိုးသူမရှိသေးသလို ၂၀၁၅ ခုနှစ်ကတည်းက လိုင်စင်ရ ဆေးရွက်ကြီး ထုတ်လုပ်သူ မရှိသေးပါဘူး။
သြစတြေးလျရဲတပ်ဖွဲ့ဟာ ဆစ်ဒနီဆိပ်ကမ်းကို ရောက်ရှိလာတဲ့ ရေကြောင်းကုန်စည်ပို့ဆောင်ရေး ကွန်တိန်နာတွေထဲက စကျင်ကျောက်တွေအတွင်း သိုဝှက်ထည့်သွင်းထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေး ၁,၈၀၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့တယ်လို့ သြဂုတ် ၂၆ ရက်မှာ ပြောပါတယ်။
သြစတြေးလျမှာ ဒီနေ့အထိ ဖမ်းမိမှုအားလုံးထဲမှာ အကြီးမားဆုံးနဲ့ အထူးခြားဆုံးဖြစ်ပြီး မူးယစ်ဆေး ၁ ဒသမ ၈ တန် ဖမ်းမိတာလို့ နယူးဆောက်သ်ဝေးလ် စုံထောက်အကြီးအကဲ ဂျွန်ဝပ်ဆင်က ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အိုက်စ်မူးယစ်ဆေး ၇၅၀ ကီလိုဂရမ်လောက် သိမ်းဆည်းခဲ့ပြီးနောက် ခုနောက်ဆုံး ဖမ်းဆီးရမိမှုမှာ မက်သမ်အဖက်တမင်း ကီလိုဂရမ် ၁,၀၀၀ ကျော်လောက်လည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
တင်ပို့မှုအားလုံးဟာ အရှေ့အလယ်ပိုင်းဒေသကဖြစ်ပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု နှစ်ခုစလုံးရဲ့ အသေးစိတ်အချက်အလက်တွေက တူညီနေကြောင်းလည်း ပြောပါတယ်။
နောက်ဆုံးဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ စွဲချက်မတင်ရသေးပေမဲ့ ပြီးခဲ့တဲ့အပတ်က တွေ့ရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူသုံးယောက်ကို ဖမ်းဆီးခဲ့ပါတယ်။