close

အကျင့်ပျက်ချစားမှု

close

April 1, 2023

အကျင့်ပျက်ချစားမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း၏အယူခံ ပယ်ချခံရ

မလေးရှားဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံတော်ရန်ပုံငွေ (1MDB) မှာ ဒေါ်လာဘီလီယံပေါင်းများစွာ အရှုပ်တော်ပုံနဲ့ပတ်သက်လို့ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်အပေါ် ချမှတ်ထားတဲ့ အကျင့်ပျက်ခြစားမှုပြစ်ဒဏ်အတွက် ပြန်လည်သုံးသပ်တဲ့ လျှောက်ထားမှုကို  မတ် ၃၁ ရက်မှာ မလေးရှားတရားရုံးက ပယ်ချလိုက်ပါတယ်။

အစိုးရရှေ့နေ ဗွီစီသမ်ဘာရမ်က “တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဒါတို ဆရီနာဂျစ်အပေါ် စွဲချက်တင်မှုက တရားဥပဒေအရ စွဲချက်တင်တာဖြစ်ပြီး နိုင်ငံရေးအရ လှုံ့ဆော်မှုမရှိကြောင်း သက်သေပြချက်တစ်ခုလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

နာဂျစ်ဟာ ၀န်ကြီးချုပ်အဖြစ် သူ့ရဲ့ ပထမဆုံးနှစ် ၂၀၀၉ ခုနှစ်က ပူးတွဲတည်ထောင်ခဲ့တဲ့ 1MDB နိုင်ငံတော်ရန်ပုံငွေမှ ဒေါ်လာ ၄ ဘီလီယံခွဲလောက်ကို ခိုးယူခဲ့ပြီး ဒေါ်လာ ၁ ဘီလီယံကျော်ဟာ နာဂျစ်နဲ့ ချိတ်ဆက်ထားတဲ့ အကောင့်တွေထဲ ရောက်ရှိသွားတာလို့  အမေရိကန်နဲ့ မလေးရှား စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။ 

1MDB ရဲ့ ယူနစ်အဟောင်းဖြစ်တဲ့ SRC International မှ ဒေါ်လာ ၁၀ သန်းလောက်ကို တရားမဝင် လက်ခံရရှိခဲ့တာကြောင့် ရာဇ၀တ်မှုဆိုင်ရာယုံကြည်မှုကို ဖောက်ဖျက်မှု၊ အာဏာ အလွဲသုံးစားမှုနဲ့ ငွေကြေးခဝါချမှုတို့အတွက် သူ့ကို ၂၀၂၀ ပြည့်နှစ်မှာ အထက်တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

သူ့အပေါ် အပြစ်ရှိကြောင်း စီရင်ချက်ကို အယူခံဝင်မှုတွေအားလုံးရှုံးနိမ့်ခဲ့တဲ့အတွက်  နာဂျစ်ရဲ့ တရားစီရင်ရေးပိုင်းဆိုင်ရာ ကြိုးပမ်းမှုတွေ အဆုံးသတ်သွားခဲ့ပါတယ်။ 

အသက် ၆၉ နှစ်အရွယ် နာဂျစ်ဟာ တရားရုံးမှာ ပြစ်မှုထင်ရှားစီရင်ခြင်းကို ထပ်ပြီး စိန်ခေါ်နိုင်တော့မှာ မဟုတ်ပေမဲ့ ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားပြီး အောင်မြင်တယ် ဆိုရင်တော့ ပြစ်ဒဏ်ကာလ ၁၂ နှစ် မပြည့်ခင်မှာ ပြန်လွတ်လာနိုင်ပါတယ်။ 

2 mins Ago

November 26, 2022

မာလာဝီဒုသမ္မတကို အကျင့်ပျက်ချစားမှုဖြင့် ဖမ်းဆီး

အရှေ့တောင်-အာဖရိက မာလာဝီနိုင်ငံရဲ့ ဒုသမ္မတ ဆောင်လော့စ်ကလော့စ် ချီလီမာ ကို အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း နိုင်ငံရဲ့အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရိုက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။ 

၂၀၂၁ ခုနှစ် မတ်လကနေ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လနဲ့ချီ စုံစမ်းစစ်ဆေးပြီးမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဗြိတိန်စီးပွားရေးသမား ဇူနသ် ဆတ္တာ နဲ့ အချိတ်အဆက်ရှိတဲ့ ဇေဗီယာ လီမိတက်၊ Malachitte FZE ကုမ္ပဏီနှစ်ခုတို့ကို မာလာဝီအစိုးရမှ ပေးအပ်တဲ့ ကန်ထရိုက်စာချုပ်တွေရဖို့ ကူညီမှုအတွက် ချီလီမာကို ဆုချီးမြှင့်ခဲ့တယ်လို့ ထောက်လှမ်းရေးက စွပ်စွဲခဲ့တာပါ။ 

နိုင်ငံတော်ရဲ့ အများသူငါ ဝယ်ယူရေးစနစ်ကတဆင့် စာချုပ်တွေကို ပေးအပ်ခြင်းအပေါ် လွှမ်းမိုး လုပ်ဆောင်တာဟာ နိုင်ငံတော်ရဲ့ သယံဇာတတွေကို လုယူခြင်းပဲ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဆတ္တာနဲ့ မာလာဝီ အစိုးရအရာရှိတွေကိုပါ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။ 

ချီလီမာဟာ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂ သိန်း ၈ သောင်းနဲ့ တခြားပစ္စည်းတွေကို ရရှိခဲ့ ကြောင်း ဗျူရိုက ပြောပါတယ်။ 

ဆတ္တာဟာ မာလာဝီရဲ့ အများသူငှာ ဝယ်ယူရေးစနစ်ကို အလွဲသုံးစားလုပ်ခဲ့ကြောင်း စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဗြိတိန်အမျိုးသား ရာဇ၀တ်မှုအေဂျင်စီ (NCA) ရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရကြောင်း သြဂုတ်လက Financial Times မှာ ဖော်ပြထားပါတယ်။ 

ဆတ္တာဟာ ဘာပြစ်မှုနဲ့မှ စွဲချက် အတင်မခံခဲ့ရဘဲ သူ ဘာအမှားမှ မလုပ်ခဲ့ကြောင်းလည်း ဆိုပါတယ်။

4 months Ago
Up