အကျင့်ပျက်ချစားမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း၏အယူခံ ပယ်ချခံရ

မလေးရှားဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံတော်ရန်ပုံငွေ (1MDB) မှာ ဒေါ်လာဘီလီယံပေါင်းများစွာ အရှုပ်တော်ပုံနဲ့ပတ်သက်လို့ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်အပေါ် ချမှတ်ထားတဲ့ အကျင့်ပျက်ခြစားမှုပြစ်ဒဏ်အတွက် ပြန်လည်သုံးသပ်တဲ့ လျှောက်ထားမှုကို မတ် ၃၁ ရက်မှာ မလေးရှားတရားရုံးက ပယ်ချလိုက်ပါတယ်။
အစိုးရရှေ့နေ ဗွီစီသမ်ဘာရမ်က “တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဒါတို ဆရီနာဂျစ်အပေါ် စွဲချက်တင်မှုက တရားဥပဒေအရ စွဲချက်တင်တာဖြစ်ပြီး နိုင်ငံရေးအရ လှုံ့ဆော်မှုမရှိကြောင်း သက်သေပြချက်တစ်ခုလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။
နာဂျစ်ဟာ ၀န်ကြီးချုပ်အဖြစ် သူ့ရဲ့ ပထမဆုံးနှစ် ၂၀၀၉ ခုနှစ်က ပူးတွဲတည်ထောင်ခဲ့တဲ့ 1MDB နိုင်ငံတော်ရန်ပုံငွေမှ ဒေါ်လာ ၄ ဘီလီယံခွဲလောက်ကို ခိုးယူခဲ့ပြီး ဒေါ်လာ ၁ ဘီလီယံကျော်ဟာ နာဂျစ်နဲ့ ချိတ်ဆက်ထားတဲ့ အကောင့်တွေထဲ ရောက်ရှိသွားတာလို့ အမေရိကန်နဲ့ မလေးရှား စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
1MDB ရဲ့ ယူနစ်အဟောင်းဖြစ်တဲ့ SRC International မှ ဒေါ်လာ ၁၀ သန်းလောက်ကို တရားမဝင် လက်ခံရရှိခဲ့တာကြောင့် ရာဇ၀တ်မှုဆိုင်ရာယုံကြည်မှုကို ဖောက်ဖျက်မှု၊ အာဏာ အလွဲသုံးစားမှုနဲ့ ငွေကြေးခဝါချမှုတို့အတွက် သူ့ကို ၂၀၂၀ ပြည့်နှစ်မှာ အထက်တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
သူ့အပေါ် အပြစ်ရှိကြောင်း စီရင်ချက်ကို အယူခံဝင်မှုတွေအားလုံးရှုံးနိမ့်ခဲ့တဲ့အတွက် နာဂျစ်ရဲ့ တရားစီရင်ရေးပိုင်းဆိုင်ရာ ကြိုးပမ်းမှုတွေ အဆုံးသတ်သွားခဲ့ပါတယ်။
အသက် ၆၉ နှစ်အရွယ် နာဂျစ်ဟာ တရားရုံးမှာ ပြစ်မှုထင်ရှားစီရင်ခြင်းကို ထပ်ပြီး စိန်ခေါ်နိုင်တော့မှာ မဟုတ်ပေမဲ့ ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားပြီး အောင်မြင်တယ် ဆိုရင်တော့ ပြစ်ဒဏ်ကာလ ၁၂ နှစ် မပြည့်ခင်မှာ ပြန်လွတ်လာနိုင်ပါတယ်။