မာလာဝီဒုသမ္မတကို အကျင့်ပျက်ချစားမှုဖြင့် ဖမ်းဆီး

အရှေ့တောင်-အာဖရိက မာလာဝီနိုင်ငံရဲ့ ဒုသမ္မတ ဆောင်လော့စ်ကလော့စ် ချီလီမာ ကို အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း နိုင်ငံရဲ့အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရိုက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
၂၀၂၁ ခုနှစ် မတ်လကနေ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လနဲ့ချီ စုံစမ်းစစ်ဆေးပြီးမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဗြိတိန်စီးပွားရေးသမား ဇူနသ် ဆတ္တာ နဲ့ အချိတ်အဆက်ရှိတဲ့ ဇေဗီယာ လီမိတက်၊ Malachitte FZE ကုမ္ပဏီနှစ်ခုတို့ကို မာလာဝီအစိုးရမှ ပေးအပ်တဲ့ ကန်ထရိုက်စာချုပ်တွေရဖို့ ကူညီမှုအတွက် ချီလီမာကို ဆုချီးမြှင့်ခဲ့တယ်လို့ ထောက်လှမ်းရေးက စွပ်စွဲခဲ့တာပါ။
နိုင်ငံတော်ရဲ့ အများသူငါ ဝယ်ယူရေးစနစ်ကတဆင့် စာချုပ်တွေကို ပေးအပ်ခြင်းအပေါ် လွှမ်းမိုး လုပ်ဆောင်တာဟာ နိုင်ငံတော်ရဲ့ သယံဇာတတွေကို လုယူခြင်းပဲ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဆတ္တာနဲ့ မာလာဝီ အစိုးရအရာရှိတွေကိုပါ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
ချီလီမာဟာ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂ သိန်း ၈ သောင်းနဲ့ တခြားပစ္စည်းတွေကို ရရှိခဲ့ ကြောင်း ဗျူရိုက ပြောပါတယ်။
ဆတ္တာဟာ မာလာဝီရဲ့ အများသူငှာ ဝယ်ယူရေးစနစ်ကို အလွဲသုံးစားလုပ်ခဲ့ကြောင်း စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဗြိတိန်အမျိုးသား ရာဇ၀တ်မှုအေဂျင်စီ (NCA) ရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရကြောင်း သြဂုတ်လက Financial Times မှာ ဖော်ပြထားပါတယ်။
ဆတ္တာဟာ ဘာပြစ်မှုနဲ့မှ စွဲချက် အတင်မခံခဲ့ရဘဲ သူ ဘာအမှားမှ မလုပ်ခဲ့ကြောင်းလည်း ဆိုပါတယ်။