သီရိလင်္ကာနိုင်ငံမှာ သမ္မတအာဏာကို လျှော့ချဖြတ်တောက်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို အောက်တိုဘာ ၂၁ ရက်မှာ ပါလီမန်က အတည်ပြုခဲ့ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကာအကွယ်တွေ တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ လွတ်လပ်ရေးရပြီး နောက်ပိုင်း နိုင်ငံရဲ့ အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းမှ လွတ်မြောက်စေမယ့် နည်းလမ်း တွေကို ကူညီရှာဖွေဖို့လည်း ရည်ရွယ်ထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ မဲအများစု ၃ ပုံ ၂ ပုံနဲ့ အတည်ပြုခဲ့တာပါ။
ဒါပေမယ့်လည်း အတိုက်အခံပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေဟာ ဒီပြင်ဆင်ချက်က တာဝန်ခံမှုမြှင့်တင်ရေးနဲ့ အစိုးရအာဏာတွေကို လျှော့ချရာမှာ လုံလောက်တဲ့ အတိုင်းအတာထိ မရောက်သေးတာကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
သီရိလင်္ကာနိုင်ငံဟာ လောင်စာဆီ၊ အစားအစာ၊ မီးဖိုချောင်သုံးဂက်စ် နဲ့ ဆေးဝါးတွေလို မရှိမဖြစ် လိုအပ်တဲ့ သွင်းကုန်တွေအတွက် လုံလောက်တဲ့ဒေါ်လာငွေရှာဖို့ လပေါင်းများစွာ ရုန်းကန် နေရပါတယ်။
သီရိလင်္ကာနိုင်ငံသား အများအပြားဟာ အခွန်ဖြတ်တောက်မှုတွေ၊ အခု ပြောင်းပြန်ဖြစ်သွားတဲ့ ဓာတုဓာတ်မြေဩဇာ တားမြစ်ချက်တွေနဲ့ နိုင်ငံ့ရာဇဝင်မှာ ပထမဆုံးအကြိမ် ပျက်ကွက်ခဲ့တဲ့ နိုင်ငံရပ်ခြားကြွေးမြီကြောင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အကူအညီကို ရယူရာမှာ ကြုံရတဲ့ နှောင့်နှေးမှုတွေ အပါအဝင် သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ခ်ဆာ ရဲ့ မအောင်မြင်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ခဲ့ခြင်းအတွက် အပြစ်တင်နေကြတာပါ။
ကျယ်ပြန့်လာတဲ့ ဆန္ဒပြမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ရာဂျာပက်ဆာ ဟာ အမှုဆောင်သမ္မတရဲ့ ဩဇာအာဏာကို လျှော့ချပြီး လွှတ်တော်ကို အာဏာခွဲဝေပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဇွန်လမှာ ထောက်ခံခဲ့ပါတယ်။
ဆန္ဒပြသူတွေက သူ့ရဲ့ ရုံးခန်းနဲ့ နေအိမ်ကို စီးနင်းတိုက်ခိုက်ပြီး နောက်တလမှာတော့ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အနောက်အာဖရိကဒေသက ဂီနီနိုင်ငံမှာ အထူးတပ်ဖွဲ့ဝင် စစ်သည်တွေက အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး မြေပြင်နဲ့ ဝေဟင် နယ်နိမိတ်တွေကိုလည်း ပိတ်ထားလိုက်ပြီလို့ ပြောလိုက်ပါတယ်။
သမ္မတ အယ်လ်ဖှာကွန်ဒေကို စက်တင်ဘာ ၅ ရက်မှာ ဖြုတ်ချလိုက်ပုံရတယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မနေ့ မနက်က မြို့တော် ကိုနာခရီက သမ္မတနန်းတော်နားမှာ သေနတ်သံတွေ ပေါ်လာ အပြီး တိုက်ပွဲတွေလည်း ဖြစ်ခဲ့တာပါ။
နောက်ပိုင်းမှာတော့ သမ္မတကို စစ်တပ်အထူးတပ်ဖွဲ့ဝင်တွေ ခြံရံလျက်သား အခန်းထဲမှာ တွေ့ရပုံ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာခဲ့ပါတယ်။
ဒီရုပ်သံတွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးပြီး အတည်မပြုနိုင်သေးပါဘူး။ သမ္မတ ကွန်ဒေ အခုဘယ်ရောက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သူဟာ တတိယသက်တမ်းအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ဖို့ အခြေခံဥပဒေကို ပြင်ခဲ့ပြီး အောက်တိုဘာမှာ ရွေးကောက်ပွဲ နိုင်ခဲ့ပါတယ်။ ဒါကြောင့် အတိုက်အခံတွေက အကြမ်းဖက် ဆန္ဒပြခဲ့ပါတယ်။
ဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်ခြစားမှု ကူးစက်ကပ်ဘေးကြီးက ကွန်ဒေကို ရာထူးကနေ ဖယ်ရှားဖို့ သူ့တပ်ကို ဖိအားပေးခဲ့တယ်လို့ ဂီနီစစ်တပ် အထူးတပ်ဖွဲ့ရဲ့ အကြီးအကဲ မာမာဒီ ဒွန်မ်ဘောင်ယာက အစိုးရရုပ်သံကနေ ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းတဲ့ ဘယ်လို ပုံစံကိုမဆို ပြစ်တင် ရှုတ်ချတယ်လို့ ဒေသတွင်း အင်အားကြီးနိုင်ငံ နိုင်ဂျီးရီးယားနဲ့ ကုလသမဂ္ဂတို့က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒွန်မ်ဘောင်ယာက အလုံးစုံထိန်းချုပ် သိမ်းပိုက်ထားပြီလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သမ္မတနန်းတော် တိုက်ခိုက်မှုကို တွန်းလှန်ပြီးပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကားတွေက မြို့တော်အတွင်း ကင်းလှည့်နေပြီး နန်းတော်နဲ့ အစိုးရဝန်ကြီးဌာန အများစုရှိရာ ကာလောင်နဲ့ ပတ်ဝန်းကျင်ကို ချိတ်ဆက်ထားတဲ့ တခုတည်းသော တံတားကိုလည်း ပိတ်ထားတယ်လို့ စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။