ဂီနီတွင် အစိုးရအဖွဲ့နှင့် အခြေခံဥပဒေကို ဖျက်သိမ်း

အနောက်အာဖရိကဒေသက ဂီနီနိုင်ငံမှာ အထူးတပ်ဖွဲ့ဝင် စစ်သည်တွေက အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး မြေပြင်နဲ့ ဝေဟင် နယ်နိမိတ်တွေကိုလည်း ပိတ်ထားလိုက်ပြီလို့ ပြောလိုက်ပါတယ်။
သမ္မတ အယ်လ်ဖှာကွန်ဒေကို စက်တင်ဘာ ၅ ရက်မှာ ဖြုတ်ချလိုက်ပုံရတယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မနေ့ မနက်က မြို့တော် ကိုနာခရီက သမ္မတနန်းတော်နားမှာ သေနတ်သံတွေ ပေါ်လာ အပြီး တိုက်ပွဲတွေလည်း ဖြစ်ခဲ့တာပါ။
နောက်ပိုင်းမှာတော့ သမ္မတကို စစ်တပ်အထူးတပ်ဖွဲ့ဝင်တွေ ခြံရံလျက်သား အခန်းထဲမှာ တွေ့ရပုံ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာခဲ့ပါတယ်။
ဒီရုပ်သံတွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးပြီး အတည်မပြုနိုင်သေးပါဘူး။ သမ္မတ ကွန်ဒေ အခုဘယ်ရောက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သူဟာ တတိယသက်တမ်းအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ဖို့ အခြေခံဥပဒေကို ပြင်ခဲ့ပြီး အောက်တိုဘာမှာ ရွေးကောက်ပွဲ နိုင်ခဲ့ပါတယ်။ ဒါကြောင့် အတိုက်အခံတွေက အကြမ်းဖက် ဆန္ဒပြခဲ့ပါတယ်။
ဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်ခြစားမှု ကူးစက်ကပ်ဘေးကြီးက ကွန်ဒေကို ရာထူးကနေ ဖယ်ရှားဖို့ သူ့တပ်ကို ဖိအားပေးခဲ့တယ်လို့ ဂီနီစစ်တပ် အထူးတပ်ဖွဲ့ရဲ့ အကြီးအကဲ မာမာဒီ ဒွန်မ်ဘောင်ယာက အစိုးရရုပ်သံကနေ ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းတဲ့ ဘယ်လို ပုံစံကိုမဆို ပြစ်တင် ရှုတ်ချတယ်လို့ ဒေသတွင်း အင်အားကြီးနိုင်ငံ နိုင်ဂျီးရီးယားနဲ့ ကုလသမဂ္ဂတို့က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒွန်မ်ဘောင်ယာက အလုံးစုံထိန်းချုပ် သိမ်းပိုက်ထားပြီလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သမ္မတနန်းတော် တိုက်ခိုက်မှုကို တွန်းလှန်ပြီးပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကားတွေက မြို့တော်အတွင်း ကင်းလှည့်နေပြီး နန်းတော်နဲ့ အစိုးရဝန်ကြီးဌာန အများစုရှိရာ ကာလောင်နဲ့ ပတ်ဝန်းကျင်ကို ချိတ်ဆက်ထားတဲ့ တခုတည်းသော တံတားကိုလည်း ပိတ်ထားတယ်လို့ စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။