close

အင်အားပြင်းငလျင်လှုပ်

close

June 22, 2022

အာဖဂန်နစ္စတန်တွင် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိလာ

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ဇွန် ၂၂ ရက် ဒီကနေ့မနက်အစောပိုင်းက အင်အားပြင်း မြေငလျင်တခု လှုပ်ခတ်သွားခဲ့တာကြောင့် သေဆုံးသူပေါင်း ၁၀၀၀ ထက်မနည်း ရှိလာခဲ့ပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူပေါင်း ၁,၅၀၀ ကျော် ရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

မြေငလျင်ဟာ အာဖဂန်နစ္စတန်အရှေ့တောင်ပိုင်း ကို့စ်တ်မြို့ကနေ ၄၄ ကီလိုမီတာအကွာ၊ ပါကစ္စတန်နိုင်ငံနဲ့ နယ်စပ်အနီး ပြင်းအားအဆင့် ၅ ဒသမ ၉ နဲ့ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (ယူအက်စ်ဂျီအက်စ်)က ပြောပါတယ်။

ကဘူးလ်မြို့တော်က အမေရိကန်သံရုံးကတော့ “အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ မြေငလျင် လှုပ်သွားတဲ့ သတင်းတွေကြောင့် ကျနော်တို့ အကြီးအကျယ် စိတ်မကောင်းဖြစ်မိပါတယ်။ ဒီဆိုးရွားတဲ့ဖြစ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေအားလုံးကို ကျနော်တို့ ဝမ်းနည်းကြေကွဲမိပါတယ်”လို့ တွစ်တာလူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားထားပါတယ်။

မြေငလျင်လှုပ်ခတ်ချိန်ကစ တနေကုန်လုံးလည်း သေဆုံးသူအရေအတွက်တွေ ထပ်ပြီးတော့ တိုးလာနေသလို ကယ်ဆယ်ရေးအဖွဲ့တွေဟာလည်း မြေငလျင်ဗဟိုချက်ဗဟိုပြု ထိခိုက်နိုင်တဲ့ တောင်တန်းဒေသတွေတဝိုက် ရှာဖွေမှုတွေ ဆက်တိုက်ပြုလုပ်နေကြပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး မော်လဝီ ရှာရာဖူဒင် မွတ်စလင်က အစောပိုင်းတုန်းက သတင်းထောက်တွေကို ငလျင်ကြောင့် ထိခိုက်သေဆုံးရသူဦးရေ အနည်းဆုံး ၉၂၀ နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆၀၀ လောက်ရှိနိုင်တယ်လို့ ပြောခဲ့ပြီး သေဆုံးသူဦးရေဟာ ထပ်မံပြီး တော့ မြင့်တက်နိုင်တယ်လို့ သတိပေးထားတာပါ။

မြေပြင်ကို ရောက်ရှိနေတဲ့ သတင်းထောက်တယောက်ကတော့ ငလျင်ဟာ ညသန်းခေါင် လူတွေအိပ်ချိန်မှာ လှုပ်ခတ်ခဲ့တာမို့ သေဆုံးသူတွေအများစုဟာ နေအိမ်တွေအတွင်း သေဆုံးခဲ့ရပြီး ငလျင်ဟာ နေအိမ်တွေကို ထိခိုက်ပျက်စီးပြီး ဆက်သွယ်မှုပြတ်တောက်ကာ လျှပ်စစ်မီးတွေလည်း လုံး လုံး ပြတ်တောက်လုနီးပါး ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“ငလျင်ဒဏ်ကြောင့် လူတွေဟာ ရှော့ခ်ရပြီး အများစုက သူတို့အိမ်တွေမှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။”

ဝေးလံသီခေါင်တဲ့ ဒေသတွေက ကျေးရွာတွေအများစုမှာလည်း အရေးပေါ်ကူညီကယ်ဆယ်ရေး ရရှိနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပြီး သတင်းဓာတ်ပုံတွေတချို့ထဲမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ထိခိုက်ပျက်စီးနေတဲ့ ဧရိယာတွေကနေ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ကယ်ထုတ်နေတာကို တွေ့ရပါတယ်။

အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့၊ ဒေသတွင်း ဆေးရုံတွေကို ပို့ဆောင်ကုသပေးနိုင်ဖို့ ရဟတ်ယာဉ် ၇ စင်းပေးပို့ကူညီဖို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေပေါ်မှာတော့ ငလျင်ကြောင့် အိမ်ပေါင်း ရာပေါင်းများစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး သဘောဝဘေးအန္တရာယ်ဆိုင်ရာ အတိုင်းအတာကို မသိနိုင်သေးတာမို့ သတိပေးချက်တွေလည်း ရှိနေကြောင်း ဖော်ပြပါတယ်။

10 hours Ago

အာဖဂန်နစ္စတန်တွင် အင်အားပြင်းငလျင်လှုပ်ပြီး လူပေါင်း ၂၈၀ ထက်မနည်း သေဆုံး(ရုပ်သံ)

အာဖဂန်နစ္စတန်နိုင်ငံမှာ ဇွန် ၂၂ ရက် ဒီကနေ့မနက်အစောပိုင်းက ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်း မြေငလျင်တခု လှုပ်ခတ်သွားခဲ့တာကြောင့် လူပေါင်း ၂၈၀ ထက်မနည်း သေဆုံးခဲ့တယ်လို့  နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

မြေငလျင်ဟာ အာဖဂန်နစ္စတန်အရှေ့တောင်ပိုင်း ကို့စ်တ်မြို့ကနေ ၄၄ ကီလိုမီတာအကွာ၊ အနက် ၅၁ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (ယူအက်စ်ဂျီအက်စ်)က ပြောပါတယ်။

လတ်တလော သေဆုံးသူ အနည်းဆုံး ၂၈၀ လောက်နဲ့ ဒဏ်ရာရသူတွေလည်း အများအပြားရှိနေပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာဖွယ်ရှိနေပါတယ်။

တာလီဘန်အုပ်ချုပ်ရေးအဖွဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာန အကြီးအကဲ မိုဟာမက် နာဆင်းမ် ဟက်ကာနီကတော့ အစိုးရအနေနဲ့ ငလျင်ဘေးတုံ့ပြန်ဆောင်ရွက်ရေး အချိန်နဲ့တပြေးညီ လုပ်ဆောင်နေပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေနိုင်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ ကနဦး ရရှိတဲ့ သတင်းတွေအရ ဒီငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ၊ ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။ ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေးနေပါတယ်။”

လတ်တလောမှာတော့ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံဘက်က သေဆုံးထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဥရောပမြေထဲပင်လယ်ငလျင်ဆိုင်ရာဌာန (အီးအမ်မ်အက်စ်စီ) ကတော့ ကီလိုမီတာ ၅၀၀ ကျော်လောက်က ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေက လူပေါင်း ၁၁၉ သန်းလောက်ဟာ ငလျင်လှုပ်ခါမှုကို ခံစားခဲ့ရတယ်လို့ တွစ်တာပေါ်မှာ ရေးသားမျှဝေထားခဲ့ပါတယ်။

ငလျင်လှုပ်ခါမှုကို ခံစားခဲ့ကြရတဲ့ နေရာတွေထဲမှာတော့ မျက်မြင်ကြုံတွေ့ခဲ့ကြသူတွေရဲ့ ပြောကြားချက်တွေအရ အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်၊ ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်စတဲ့ နေရာတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ကဘူးလ်မြို့က ငလျင်ကို ကြုံတွေ့ခဲ့သူတယောက်ကတော့ “ပြင်းထန်ပြီး အကြာကြီးဆောင့်တယ်”လို့ တွစ်တာပေါ်ကတဆင့် ရေးသားထားခဲ့ပြီး ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့ခံတယောက်ကလည်း ငလျင်ဟာ အားပြင်းကြောင်း မျှဝေထားခဲ့ပါတယ်။

17 hours Ago

September 28, 2021

ဂရိနိုင်ငံ ခရေးတေကျွန်းတွင် အင်အားပြင်းငလျင်လှုပ်

ဂရိနိုင်ငံရဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့ ခရေးတေကျွန်းမှာ  စက်တင်ဘာ ၂၇ ရက်က အင်အား ရစ်ချ်တာ စကေး ၅ ဒသမ ၈ ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်သွားတာကြောင့် ခရစ်ယာန် ဘုရားကျောင်းတဆောင် ပြိုကျပြီး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ငလျင်ကြောင့် လူ ၉ယောက် ဒဏ်ရာရခဲ့တယ်လို့ အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။

ငလျင်ဟာ ခရေးတေကျွန်း အရှေ့တောင်ဘက် အာရ်ဗီဒေသ အနောက်မြောက်ဘက် ၁၄ မိုင် အကွာက မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ အေသင်ဂျီယို ဒိုင်းနမစ် အင်စတီကျုက ပြောပါတယ်။

မိုးကြိုးပစ်လိုက်သလို ငလျင်လှုပ်အပြီးမှာ အင်အားပြင်း မြေပြင်တုန်ခါမှုတွေ ဆက်တိုက် ဖြစ်ခဲ့တယ်လို့ ဂရိ ငလျင်ဗေဒပညာရှင် တယောက်က ရည်ညွှန်းပြောဆိုပါတယ်။

ငလျင်ကြောင့် လူတွေလမ်းတွေပေါ် ပြေးထွက်လာခဲ့ပြီး ကျောင်းသားလေးတွေလည်း ကျောင်းခြံဝင်းနဲ့ မြို့လယ်ရင်ပြင်တွေဆီ စုရုံးရောက်လာခဲ့ကြပါတယ်။ အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

တနေကုန်ဆက်ပြီး တပ်လှန့်ထားမယ်လို့ ကျွန်းရဲ့ ကယ်ဆယ်ရေးဌာန အကြီးအကဲက ပြော ပါတယ်။

9 months Ago
Up