အာဖဂန်နစ္စတန်တွင် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိလာ

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ဇွန် ၂၂ ရက် ဒီကနေ့မနက်အစောပိုင်းက အင်အားပြင်း မြေငလျင်တခု လှုပ်ခတ်သွားခဲ့တာကြောင့် သေဆုံးသူပေါင်း ၁၀၀၀ ထက်မနည်း ရှိလာခဲ့ပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူပေါင်း ၁,၅၀၀ ကျော် ရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
မြေငလျင်ဟာ အာဖဂန်နစ္စတန်အရှေ့တောင်ပိုင်း ကို့စ်တ်မြို့ကနေ ၄၄ ကီလိုမီတာအကွာ၊ ပါကစ္စတန်နိုင်ငံနဲ့ နယ်စပ်အနီး ပြင်းအားအဆင့် ၅ ဒသမ ၉ နဲ့ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (ယူအက်စ်ဂျီအက်စ်)က ပြောပါတယ်။
ကဘူးလ်မြို့တော်က အမေရိကန်သံရုံးကတော့ “အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ မြေငလျင် လှုပ်သွားတဲ့ သတင်းတွေကြောင့် ကျနော်တို့ အကြီးအကျယ် စိတ်မကောင်းဖြစ်မိပါတယ်။ ဒီဆိုးရွားတဲ့ဖြစ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေအားလုံးကို ကျနော်တို့ ဝမ်းနည်းကြေကွဲမိပါတယ်”လို့ တွစ်တာလူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားထားပါတယ်။
မြေငလျင်လှုပ်ခတ်ချိန်ကစ တနေကုန်လုံးလည်း သေဆုံးသူအရေအတွက်တွေ ထပ်ပြီးတော့ တိုးလာနေသလို ကယ်ဆယ်ရေးအဖွဲ့တွေဟာလည်း မြေငလျင်ဗဟိုချက်ဗဟိုပြု ထိခိုက်နိုင်တဲ့ တောင်တန်းဒေသတွေတဝိုက် ရှာဖွေမှုတွေ ဆက်တိုက်ပြုလုပ်နေကြပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး မော်လဝီ ရှာရာဖူဒင် မွတ်စလင်က အစောပိုင်းတုန်းက သတင်းထောက်တွေကို ငလျင်ကြောင့် ထိခိုက်သေဆုံးရသူဦးရေ အနည်းဆုံး ၉၂၀ နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆၀၀ လောက်ရှိနိုင်တယ်လို့ ပြောခဲ့ပြီး သေဆုံးသူဦးရေဟာ ထပ်မံပြီး တော့ မြင့်တက်နိုင်တယ်လို့ သတိပေးထားတာပါ။
မြေပြင်ကို ရောက်ရှိနေတဲ့ သတင်းထောက်တယောက်ကတော့ ငလျင်ဟာ ညသန်းခေါင် လူတွေအိပ်ချိန်မှာ လှုပ်ခတ်ခဲ့တာမို့ သေဆုံးသူတွေအများစုဟာ နေအိမ်တွေအတွင်း သေဆုံးခဲ့ရပြီး ငလျင်ဟာ နေအိမ်တွေကို ထိခိုက်ပျက်စီးပြီး ဆက်သွယ်မှုပြတ်တောက်ကာ လျှပ်စစ်မီးတွေလည်း လုံး လုံး ပြတ်တောက်လုနီးပါး ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
“ငလျင်ဒဏ်ကြောင့် လူတွေဟာ ရှော့ခ်ရပြီး အများစုက သူတို့အိမ်တွေမှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။”
ဝေးလံသီခေါင်တဲ့ ဒေသတွေက ကျေးရွာတွေအများစုမှာလည်း အရေးပေါ်ကူညီကယ်ဆယ်ရေး ရရှိနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပြီး သတင်းဓာတ်ပုံတွေတချို့ထဲမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ထိခိုက်ပျက်စီးနေတဲ့ ဧရိယာတွေကနေ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ကယ်ထုတ်နေတာကို တွေ့ရပါတယ်။
အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့၊ ဒေသတွင်း ဆေးရုံတွေကို ပို့ဆောင်ကုသပေးနိုင်ဖို့ ရဟတ်ယာဉ် ၇ စင်းပေးပို့ကူညီဖို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒေသတွင်း သတင်းမီဒီယာတွေပေါ်မှာတော့ ငလျင်ကြောင့် အိမ်ပေါင်း ရာပေါင်းများစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး သဘောဝဘေးအန္တရာယ်ဆိုင်ရာ အတိုင်းအတာကို မသိနိုင်သေးတာမို့ သတိပေးချက်တွေလည်း ရှိနေကြောင်း ဖော်ပြပါတယ်။