မက္ကဆီကိုနိုင်ငံမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လူနှစ်ယောက် သေဆုံးပြီး အဆောက်အအုံ ၃,၀၀၀ ကျော် ပျက်စီးသွားပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အများစုဟာ အနောက်ဘက် မီချိုဝါကန်ပြည်နယ်ထဲက ငလျင်ဗဟိုအနီးရှိ ပြည်နယ်တွေမှာဖြစ်ကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
၁၉၈၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေက အဲဒီနေ့ရက်မှာပဲ အင်အားပြင်းငလျင်ကြီးတွေ လှုပ်ခတ်ခဲ့တဲ့ အထိမ်းအမှတ် စုဝေးစီတန်းလေ့ကျင့်မှု လုပ်အပြီးမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မက္ကဆီကိုအလယ်ပိုင်းမှာ တနင်္လာနေ့က ငလျင်လှုပ်ခဲ့တာပါတယ်။
ငလျင်ဗဟိုချက်ဟာ မီချိုဝါကန်ရှိ ကိုးလ်ကိုမန်မြို့ရဲ့တောင်ဘက် ၆၃ ကီလိုမီတာအကွာမှာ ရှိပြီး ငလျင်အနက် ၁၅ ကီလိုမီတာရှိကြောင်း မက္ကဆီကို ငလျင်စောင့်ကြည့်ရေး အေဂျင်စီမှ ပြောကြားခဲ့ပါတယ်။
တောင်ပေါ်မြို့ ကိုးလ်ကိုမန်မှာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ အများပြည်သူဆိုင်ရာ အဆောက်အဦတွေနဲ့ နေအိမ်တွေ သိသိသာသာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ဖို့က နှစ်ပေါင်းများစွာ ကြာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် အဲဒီဒေသတလျှောက်မှာ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၇၀၀ နီးပါး ရှိခဲ့ပြီး နေအိမ်တွေ ပျက်စီးသွားခဲ့ရတဲ့ ဒေသခံတွေဟာ သူတို့အိပ်ပျော်နေတုန်း ထပ်ပြိုကျလာမှာကို စိုးရိမ်ထိတ်လန့်နေကြ ပါတယ်။
ကိုးလ်ကိုမန်မြို့ရဲ့ မြို့တော်ဝန် မာရီယာ အက်စ်ကီဗဲလ်က နောက်ဆက်တွဲငလျင်တွေ အများကြီး ရှိနေသေးတဲ့အတွက် ကြောက်လန့်နေရပြီး အမြဲသတိရှိနေရကြောင်း ပြောပါတယ်။
စာသင်ကျောင်းတွေလည်း ပိတ်ထားလိုက်ရပြီး ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရဆီကို အကူအညီ တောင်းထားတယ်လို့လည်း ပြောပါတယ်။
ပါပူဝါနယူးဂီနီနိုင်ငံ၊ ခိုင်နန်းတူမြို့အနားမှာ စက်တင်ဘာ ၁၁ ရက် မနက် ၆ နာရီ ၄၆ မိနစ်လောက်က ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်းမြေငလျင် လှုပ်ခတ်ပြီး အနည်းဆုံး လူ ၅ ယောက်လောက်သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြပါတယ်။
ငလျင်ကြောင့် အဆောက်အအုံတွေပျက်စီးတာ၊ မြေပြိုတာနဲ့ လမ်းတွေ ကွဲအက်ပျက်စီးသွားတာတွေလည်း ရှိခဲ့ပြီး ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ကာ ဒေသခံတွေ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။
အလားတူ အင်ဒိုနီးရှားနိုင်ငံအနောက်ဘက် ဆူမားတြားကျွန်း အနောက်ဘက်ကမ်းလွန်ရှိ မန်တာဝေကျွန်းစုမှာလည်း စက်တင်ဘာ ၁၁ ရက်က ပြင်းအားရစ်ချ်တာစကေး ၆ ဒသမ ၁ ရှိတဲ့ ငလျင်တခု လှုပ်သွားခဲ့တာကြောင့် ဒေသခံ ၂၀၀ လောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။
“ဆူနာမီရေလှိုင်း အန္တရာယ်တော့ မရှိပါဘူး။ ငလျင်ဟာ မြေအောက် အနက် ၁၇ မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး တူညီတဲ့ဧရိယာမှာ ပြင်းအား ၅ ဒသမ ၃ ရှိတဲ့ မြေပြင်တုန်ခါမှုတွေဖြစ်ခဲ့တယ်” လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဘူမိရူပဗေဒ အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။
သစ်သားတန်း ပြုတ်ကျလို့ ဦးခေါင်းဒဏ်ရာရသူ ရှိခဲ့တယ်လို့ ဒေသခံအွန်လိုင်းမီဒီယာက ဖော်ပြပါတယ်။
အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်း" လို့ ခေါ်တဲ့ ကမ္ဘာမြေမျက်နှာပြင်ရဲ့ မတူညီတဲ့ ကျောက်လွှာချပ်ကြီးတွေ စုဆုံရာ နေရာမှာ ရှိနေလို့ မီးတောင် ပေါက်ကွဲတာနဲ့ ငလျင်လှုပ်တာတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။