ပါပူဝါနယူးဂီနီနှင့် အင်ဒိုနီးရှားတွင် အင်အားပြင်း မြေငလျင်လှုပ်

ပါပူဝါနယူးဂီနီနိုင်ငံ၊ ခိုင်နန်းတူမြို့အနားမှာ စက်တင်ဘာ ၁၁ ရက် မနက် ၆ နာရီ ၄၆ မိနစ်လောက်က ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်းမြေငလျင် လှုပ်ခတ်ပြီး အနည်းဆုံး လူ ၅ ယောက်လောက်သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြပါတယ်။
ငလျင်ကြောင့် အဆောက်အအုံတွေပျက်စီးတာ၊ မြေပြိုတာနဲ့ လမ်းတွေ ကွဲအက်ပျက်စီးသွားတာတွေလည်း ရှိခဲ့ပြီး ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ကာ ဒေသခံတွေ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။
အလားတူ အင်ဒိုနီးရှားနိုင်ငံအနောက်ဘက် ဆူမားတြားကျွန်း အနောက်ဘက်ကမ်းလွန်ရှိ မန်တာဝေကျွန်းစုမှာလည်း စက်တင်ဘာ ၁၁ ရက်က ပြင်းအားရစ်ချ်တာစကေး ၆ ဒသမ ၁ ရှိတဲ့ ငလျင်တခု လှုပ်သွားခဲ့တာကြောင့် ဒေသခံ ၂၀၀ လောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။
“ဆူနာမီရေလှိုင်း အန္တရာယ်တော့ မရှိပါဘူး။ ငလျင်ဟာ မြေအောက် အနက် ၁၇ မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး တူညီတဲ့ဧရိယာမှာ ပြင်းအား ၅ ဒသမ ၃ ရှိတဲ့ မြေပြင်တုန်ခါမှုတွေဖြစ်ခဲ့တယ်” လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဘူမိရူပဗေဒ အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။
သစ်သားတန်း ပြုတ်ကျလို့ ဦးခေါင်းဒဏ်ရာရသူ ရှိခဲ့တယ်လို့ ဒေသခံအွန်လိုင်းမီဒီယာက ဖော်ပြပါတယ်။
အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်း" လို့ ခေါ်တဲ့ ကမ္ဘာမြေမျက်နှာပြင်ရဲ့ မတူညီတဲ့ ကျောက်လွှာချပ်ကြီးတွေ စုဆုံရာ နေရာမှာ ရှိနေလို့ မီးတောင် ပေါက်ကွဲတာနဲ့ ငလျင်လှုပ်တာတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။