ယူကရိန်းအရေး အရှိန်မြင့်လာနေတာကြောင့် စစ်ရေးပဋိပက္ခကို ရှောင်ရှားပြီး သံတမန်နည်းလမ်းနဲ့အဖြေရှာမှုကို ထပ်တိုးမြှင့်ကြပါလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရဲ့စ်က ဖေဖော်ဝါရီ ၁၄ ရက်က တိုက်တွန်းလိုက်ပါတယ်။
“ဒီလို အန္တရာယ်ကြီးမားတဲ့ ထိပ်တိုက်တိုးမှုမျိုး ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ မြေပြင်မှာ တင်းမာမှုအရှိန်တွေ လျှော့ချဖို့ အချိန်တန်ပြီ၊ သံတမန်နည်းလမ်းကို စွန့်လိုက်တာဟာ ချောက်ထဲကျဖို့ ခြေလှမ်းလိုက်တာပဲ၊ ဆွေးနွေးပွဲတွေ ပြန်စရမယ်” လို့ ပြောပါတယ်။
အဲဒီရက်အစောပိုင်းမှာ ဂူတာရဲ့စ် က ရုရှားနဲ့ ယူကရိန်းတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေကို သီးခြားစီ ဆက်သွယ် ဆွေးနွေးခဲ့ပြီး သတင်းစာရှင်းလင်းရာမှာ “ကျနော့် သုံးသပ်ချက်အရတော့ စစ်ပွဲဖြစ်မလာနိုင်ပါဘူး” လို့ ပြောပါတယ်။
အမေရိကန်နဲ့ နိုင်ငံအချို့က သူတို့သံရုံးဝန်ထမ်းတွေကို ယူကရိန်းကနေ အမြန်ဆုံးထွက်ခွာဖို့ နှိုးဆော်ထားပေမဲ့ ဂူတာရပ်စ်က ယူကရိန်းရှိ ကုလဝန်းထမ်း ၁၆၀၀ ကျော်ကို တခြား ပြောင်းရွှေ့ခိုင်းဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။။ ယူကရိန်းမှာ ပြည်တွင်းကုလဝန်ထမ်း ၁၄၀၀ နဲ့ နိုင်ငံခြားသားဝန်ထမ်း ၂၂၀ ကျော် ရှိနေတာပါ။
ကုလသမဂ္ဂရဲ့ ကြားဝင်ညှိနှိုင်းပေးနိုင်တဲ့ အနေအထားရှိပါသလားဆိုတဲ့ မေးခွန်းကို ဂူတာရဲ့စ်က “ဒါက သူ့တာဝန်ဖြစ်ပြီး နှစ်ဘက်စလုံးနဲ့ ထိတွေ့ ဆောင်ရွက်နေမှုတွေ ရှိပါတယ်” လို့ ဖြေခဲ့ပါတယ်။
လက်ဘနွန် နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ ပြည်သူကိုသာ အဓိကဦးစားပေးဖို့နဲ့ နှစ် ၃၀ အတွင်း စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး အဆိုးဆုံးအကျပ်အတည်းတွေကနေ တိုင်းပြည်ကို ကယ်တင်ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ကြဖို့ လက်ဘနွန်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်က တိုက်တွန်းပါတယ်။
ဂုတားရဲ့စ်က လက်ဘနွန်သမ္မတ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ အရပ်ဘက်ခေါင်းဆောင်တွေ အားလုံးကို တွေ့ဆုံပြီး တိုင်းပြည်အကျပ်အတည်းကို နိုင်ငံရေးသမားတွေ အတူတကွ လက်တွဲ ဖြေရှင်းကြဖို့နဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို ကျော်လွှားကြဖို့အတွက် နိုင်ငံတကာအသိုင်းကလည်း ကူညီကြပေးဖို့ တောင်းဆိုပါတယ်။
“လက်ဘနွန်မှာ အုပ်စုအကွဲအပြဲတွေကြောင့် ရစရာမရှိအောင် ဖြစ်ခဲ့ရတယ်။ အစိုးရအဆက်ဆက်က တိုင်းပြည်ဘဏ္ဍာရေးကို တည်ငြိမ်အောင် လုပ်နိုင်စွမ်းမရှိခဲ့ဘူး။ အခု လက်ဘနွန်ပြည်သူတွေက အာဏာရခေါင်းဆောင်တွေ အဂတိလိုက်စားမှုရပ်ဖို့၊ လူ့အခွင့်အရေးလေးစားဖို့၊ ပြုပြင်ပြောင်းလဲဖို့ကို မျှော်လင့်နေတယ်” လို့ ဂုတားရဲ့စ်က ပြောပါတယ်။
လက်ဘနွန်မှာ ပြုပြင်ပြောင်းလဲရေးတွေ မဖြစ်တာကြောင့် နိုင်ငံခြားအကူအညီတွေ ကာလအတော်ကြာ ရပ်ဆိုင်းခဲ့ပြီး လက်ဘနွန်နိုင်ငံသားတွေ အဆိုးဆုံးအခြေနေတွေ ရင်ဆိုင်နေရတယ်လို့ သတိပေးခဲ့ပါတယ်။