လက်ဘနွန် နိုင်ငံ့ခေါင်းဆောင်များ ပြုပြင်ပြောင်းလဲရေးလုပ်ရန် ကုလတိုက်တွန်း

လက်ဘနွန် နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ ပြည်သူကိုသာ အဓိကဦးစားပေးဖို့နဲ့ နှစ် ၃၀ အတွင်း စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး အဆိုးဆုံးအကျပ်အတည်းတွေကနေ တိုင်းပြည်ကို ကယ်တင်ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ကြဖို့ လက်ဘနွန်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်က တိုက်တွန်းပါတယ်။
ဂုတားရဲ့စ်က လက်ဘနွန်သမ္မတ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ အရပ်ဘက်ခေါင်းဆောင်တွေ အားလုံးကို တွေ့ဆုံပြီး တိုင်းပြည်အကျပ်အတည်းကို နိုင်ငံရေးသမားတွေ အတူတကွ လက်တွဲ ဖြေရှင်းကြဖို့နဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို ကျော်လွှားကြဖို့အတွက် နိုင်ငံတကာအသိုင်းကလည်း ကူညီကြပေးဖို့ တောင်းဆိုပါတယ်။
“လက်ဘနွန်မှာ အုပ်စုအကွဲအပြဲတွေကြောင့် ရစရာမရှိအောင် ဖြစ်ခဲ့ရတယ်။ အစိုးရအဆက်ဆက်က တိုင်းပြည်ဘဏ္ဍာရေးကို တည်ငြိမ်အောင် လုပ်နိုင်စွမ်းမရှိခဲ့ဘူး။ အခု လက်ဘနွန်ပြည်သူတွေက အာဏာရခေါင်းဆောင်တွေ အဂတိလိုက်စားမှုရပ်ဖို့၊ လူ့အခွင့်အရေးလေးစားဖို့၊ ပြုပြင်ပြောင်းလဲဖို့ကို မျှော်လင့်နေတယ်” လို့ ဂုတားရဲ့စ်က ပြောပါတယ်။
လက်ဘနွန်မှာ ပြုပြင်ပြောင်းလဲရေးတွေ မဖြစ်တာကြောင့် နိုင်ငံခြားအကူအညီတွေ ကာလအတော်ကြာ ရပ်ဆိုင်းခဲ့ပြီး လက်ဘနွန်နိုင်ငံသားတွေ အဆိုးဆုံးအခြေနေတွေ ရင်ဆိုင်နေရတယ်လို့ သတိပေးခဲ့ပါတယ်။