close

ယူကရိန်းအရေး စစ်ရေးတင်းမာမှု လျှော့ချရန် အချိန်တန်ပြီဟု ကုလအတွင်းရေးမှူးချုပ်ပြော

ယူကရိန်းအရေး အရှိန်မြင့်လာနေတာကြောင့် စစ်ရေးပဋိပက္ခကို ရှောင်ရှားပြီး သံတမန်နည်းလမ်းနဲ့အဖြေရှာမှုကို ထပ်တိုးမြှင့်ကြပါလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရဲ့စ်က ဖေဖော်ဝါရီ ၁၄ ရက်က တိုက်တွန်းလိုက်ပါတယ်။

“ဒီလို အန္တရာယ်ကြီးမားတဲ့ ထိပ်တိုက်တိုးမှုမျိုး ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ မြေပြင်မှာ တင်းမာမှုအရှိန်တွေ လျှော့ချဖို့ အချိန်တန်ပြီ၊ သံတမန်နည်းလမ်းကို စွန့်လိုက်တာဟာ  ချောက်ထဲကျဖို့ ခြေလှမ်းလိုက်တာပဲ၊ ဆွေးနွေးပွဲတွေ ပြန်စရမယ်” လို့ ပြောပါတယ်။

အဲဒီရက်အစောပိုင်းမှာ ဂူတာရဲ့စ် က ရုရှားနဲ့ ယူကရိန်းတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေကို သီးခြားစီ ဆက်သွယ် ဆွေးနွေးခဲ့ပြီး သတင်းစာရှင်းလင်းရာမှာ “ကျနော့် သုံးသပ်ချက်အရတော့ စစ်ပွဲဖြစ်မလာနိုင်ပါဘူး” လို့  ပြောပါတယ်။

အမေရိကန်နဲ့ နိုင်ငံအချို့က သူတို့သံရုံးဝန်ထမ်းတွေကို ယူကရိန်းကနေ အမြန်ဆုံးထွက်ခွာဖို့ နှိုးဆော်ထားပေမဲ့ ဂူတာရပ်စ်က ယူကရိန်းရှိ ကုလဝန်းထမ်း ၁၆၀၀ ကျော်ကို တခြား ပြောင်းရွှေ့ခိုင်းဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။။ ယူကရိန်းမှာ ပြည်တွင်းကုလဝန်ထမ်း ၁၄၀၀ နဲ့ နိုင်ငံခြားသားဝန်ထမ်း ၂၂၀ ကျော် ရှိနေတာပါ။

ကုလသမဂ္ဂရဲ့ ကြားဝင်ညှိနှိုင်းပေးနိုင်တဲ့ အနေအထားရှိပါသလားဆိုတဲ့ မေးခွန်းကို ဂူတာရဲ့စ်က “ဒါက သူ့တာဝန်ဖြစ်ပြီး နှစ်ဘက်စလုံးနဲ့ ထိတွေ့ ဆောင်ရွက်နေမှုတွေ ရှိပါတယ်” လို့ ဖြေခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up