ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်း လမ်းမနားမှာ မေ ၆ ရက် မနက်ပိုင်းက သေနတ် ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၂၀ အရွယ် အမျိုးသား နှစ်ယောက် အလောင်းကို ထပ်မံ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦးက “မနက်သုံးနာရီလောက်က သေနတ်သံတွေ ကြားရတယ်။ မနက် မိုးလင်းတော့ မှော်စီစာကျေးရွာ ဆိုင်းဘုတ်နားမှာ အလောင်း နှစ်လောင်းကို တွေ့ရတယ်။ ဦးခေါင်းကို သေနတ်နဲ့ ပစ်ထားတဲ့ ဒဏ်ရာမျိုးတွေ့ရတယ်။ ကောင်လေးတွေက ဘယ်သူဘယ်ဝါဆိုတာတော့ မသိရဘူး" လို့ ပြောပါတယ်။
အလောင်းတွေကို မနက် ၆ နာရီလောက်မှာ တွေ့ခဲ့တာဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကမှ လာရောက် စစ်ဆေးတာ မရှိသေးဘူးလို့ သိရပါတယ်။
မေ ၅ ရက် မနက်ပိုင်းကလည်း ဖားကန့်မြို့နယ် မြောက်ဖြူရွာနားမှာ ရိုက်နှက် ထိုးသွင်း ဒဏ်ရာတွေနဲ့ အသက် ၂၀ အရွယ် အမျိုးသား နှစ်ယောက်ရဲ့ အလောင်းကို တွေ့ရှိ ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နိုဝင်ဘာ ၁၂ ရက်ကစပြီး အမျိုးသား နှစ်ယောက် ဆိုင်ကယ် အတူမစီးရ၊ ဆိုင်ကယ်စီးရင်း ဖုန်းမပြောရအမိန့် စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီး မနေ့ညက မြို့တွင်းမှာ သံချဲ့စက်နဲ့ လှည့်လည်ကြေညာသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလေးမြို့အတွင်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ဒေသခံစစ်ကောင်စီသတင်းပေးတွေ မကြာခဏပစ်ခတ်ရှင်းလင်းခံနေရတာကြောင့် စစ်ကောင်စီဘက်က အခုလိုထုတ်ပြန်လာတာဖြစ်နိုင်တယ်လို့ ကလေးမြို့ခံ တဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက် ညနေက အလုပ်ကပြန်လာတဲ့ အမျိုးသား နှစ်ယောက်ကို စစ်ကောင်စီ တပ်သားတွေက နောက်ရက်တွေမှာ အမျိုးသား နှစ်ယောက် ဆိုင်ကယ်အတူမစီးကြဖို့နဲ့ အတူစီးတာတွေရင် ဒါမှမဟုတ် စစ်ကောင်စီဂိတ်တွေကို ဖြတ်ရင် ပစ်ခတ်မယ်လို့ သတိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ကလေးမြို့ခံအမျိုးသမီး တဦးက"သူတို့ဘက်ကအထိနာလို့ ပြည်သူတွေကို အခုလိုတင်းကျပ်နေတာ။ တအိမ်လုံးမှာ ဆိုင်ကယ်တစ်စီးပဲရှိတာ။ သားနှစ်ယောက် သင်တန်းသွားရင် အတူစီးခိုင်းရတာ။ အခုတော့ဘယ်လို လုပ်ရမလဲ”လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက မော်တော်ဆိုင်ကယ် စီးရာမှာ အမျိုးသား နှစ်ယောက်၊ အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်စီးနင်းတာ မလုပ်ဖို့ အပါအဝင် အချက် ၆ ချက်ပါ ဒေသန္တရအမိန့်ထုတ်ပြန်ပြီး နေ့ချင်းမှာပဲ အမိန့် ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။