အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေမှာသွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအိမ်အကူအလုပ်သမားအများစုဟာ အစားသောက် ဝလင်အောင်မစားရဘဲ အလုပ်ပင်ပန်းစွာ လုပ်နေကြရတာကြောင့် ကျန်းမာရေးထိခိုက်လာတယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။
အိမ်ရှင်အများစုက အိမ်အကူလုပ်သားတွေကို အကန့်အသတ်နဲ့သာကျွေးပြီး အလုပ်ကိုအချိန်ပြည့်စေ ခိုင်းနေတာကြောင့် အာဟာရ ပြတ်လပ်မှုနဲ့တွေ့ကြုံနေကြရတယ်လို့လည်း ဆိုပါတယ်။
ယူအေအီးနိုင်ငံရောက်မြန်မာအိမ်အကူတဦးက "အလုပ်ကို ၁၈ နာရီလောက်လုပ်ရတယ်။ ကျွေးတာက တစ်နေ့မှ ကြက်ဥတစ်လုံးတည်း။ ကြာတော့လူက အားပြတ်လာတယ်။ အခုလည်းနေမကောင်းဘူး။ နေမကောင်းလည်းပေးမနားဘူး။ အော်ဟောက်ခိုင်းနေတာ"လို့ ပြောပါတယ်။
အဲဒီလို အနေဆင်းရဲ၊ အစားဆင်းရဲလို့ ဆက်မလုပ်နိုင်တာကြောင့် အေဂျင့် ရုံးကို သွားပေမဲ့ ဘာမှ အခြေအနေထူးမလာဘူးလို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေက ဆိုပါတယ်။
အိုမန်နိုင်ငံရောက်အိမ်အကူတစ်ဦးက "အေဂျင့်ရုံးမှာလည်း ပဲဟင်းရည်ကျဲကျဲတစ်ခွက်နဲ့ ထမင်းဖြူစားရတယ်။ ရုံးမှာရောက်နေတဲ့သူ တော်တော်များများလည်း အာဟာရမပြည့်လို့ နေမကောင်းဖြစ်နေကြတယ်။ တချို့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်နေကြတယ်"လို့ ပြောပါတယ်။
အဲဒီလို အဆင်မပြေမှုတွေရှိလို့ အိမ်ပြန်ချင်ပေမယ့် လျော်ကြေးပေးမှပြန်ခွင့်ရမယ်ဆိုပြီး အေးဂျင့်တွေက အကျပ်ကိုင်တာကြောင့် အခက်တွေ့နေကြရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
အဲဒီနိုင်ငံတွေမှာ အိမ်အကူအနေနဲ့ရောက်ရှိနေသူတွေဟာ ခြောက်လမပြည့်ဘဲ ပြန်မယ်ဆိုရင် တယောက်ကို ကျပ်သိန်း ၆၀ လျော်ရမယ်လို့လည်းဆိုပါတယ်။
အလုပ်သမားတွေရဲ့ ပတ်စ်ပို့စ် စာအုပ်တွေကို အေဂျင့်တွေကသိမ်းထားပြီး လျော်ကြေးပေးမှ ပြန်ထုတ်ပေးတာကြောင့် နေရပ်ပြန်ဖို့လည်းအခက်ကြုံနေကြရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အဲဒီလို အခက်အခဲတွေ့နေသူတွေအများအပြားရှိနေလို့ စစ်ကောင်စီသံရုံးနဲ့ NUGအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနထံ ဆက်သွယ်အကူအညီတောင်းပေမဲ့ အကြောင်းပြန်ကြားတာ မရှိဘူးလို့လည်း အိမ်အကူ အလုပ်သမားတွေက ပြောပါတယ်။
ဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီသံရုံးနဲ့ NUG အစိုးရဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
ဘီလာရုစ်ဟာ နယ်စပ်စခန်းတွေကို ရှင်းလင်းပြီး နာရီပိုင်းအကြာမှာပဲ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကုန်တင်ကားတွေပေါ်တင်ကာ နယ်စပ်ကိုပြန်ပို့ပြီး တရားမဝင် ဖြတ်ကျော်စေဖို့ လုပ်ဆောင်နေတယ်လို့ ပိုလန်နိုင်ငံက နိုဝင်ဘာ ၁၉ ရက်မှာ စွပ်စွဲပြောကြားခဲ့ပါတယ်။
ဘီလာရုစ်အာဏာပိုင်တွေဟာ ပိုလန်နိုင်ငံ ဒူဘိချက်ဆရ်ကီယနာရွာအနီးကို ဘတ်စ်ကားနဲ့ ရာနဲ့ချီတဲ့လူအုပ်စုကို ခေါ်ဆောင်လာပြီးတော့ ပိုလန်အရာရှိတွေကို ခေတ္တခဏ လေဆာနဲ့ မျက်စေ့ကွယ်သွားအောင်လုပ်ပြီး အဲ့ဒီလူတွေဘက်ကို ကူညီဆောင်ရွက်ပေးခဲ့တာလို့ ပိုလန်နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ အန်နာမီဟာစကာက ပြောပါတယ်။
နယ်ခြားစောင့်တပ်က ဖြတ်ကူးလာသူတွေကို တားမြစ်တဲ့အခါ ရွှေ့ပြောင်းနေထိုင်သူတချို့ကို ထရပ်ကားနဲ့ ခေါ်ဆောင်သွားချိန်မှာ တခြားသူတွေက ဘီလာရုစ်ထဲကို နောက်ထပ် လမ်းလျှောက်ဝင်လာနေတာလို့လည်း ဆိုပါတယ်။
ပိုလန်နယ်စပ်မှာ ထောင်နဲ့ချီတဲ့လူတွေ စုပြုံနေထိုင်နေတဲ့ ပင်မစခန်းတွေကို ဘီလာရုစ် အာဏာပိုင်တွေက နိုဝင်ဘာ ၁၈ ရက်မှာ ရှင်းလင်းခဲ့ပါတယ်။
ရာနဲ့ချီတဲ့ အီရတ်နိုင်ငံသားတွေကို ဘီလာရုစ်မြို့တော် မင့်စ်ခ်ကနေ ပထမဆုံး ပြန်လည်ပို့ဆောင်ရေးလေယာဉ်နဲ့ နိုင်ငံပြန်ပို့ပေးခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှ လူထောင်ပေါင်းများစွာဟာ လေကြောင်းခရီးနဲ့ ဘီလာရုစ်ကို လာနေပြီးတော့ သူတို့တွေကို နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဖို့ တွန်းအားပေးနေတယ်လို့ ဥရောပအစိုးရတွေက စွပ်စွဲထားပါတယ်။
အေးခဲနေတဲ့ တောအုပ်ထဲမှာ ရွှေ့ပြောင်းနေထိုင်သူ ၁၀ ဦးလောက် သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။ ဘီလာရုစ်ကတော့ တမင်တကာ အကျပ်အတည်းဖြစ်အောင် လုပ်နေတယ်ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။