အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူများကို ဘီလာရုစ်က တရားမဝင်ပို့နေဟု ပိုလန်စွပ်စွဲ

ဘီလာရုစ်ဟာ နယ်စပ်စခန်းတွေကို ရှင်းလင်းပြီး နာရီပိုင်းအကြာမှာပဲ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကုန်တင်ကားတွေပေါ်တင်ကာ နယ်စပ်ကိုပြန်ပို့ပြီး တရားမဝင် ဖြတ်ကျော်စေဖို့ လုပ်ဆောင်နေတယ်လို့ ပိုလန်နိုင်ငံက နိုဝင်ဘာ ၁၉ ရက်မှာ စွပ်စွဲပြောကြားခဲ့ပါတယ်။
ဘီလာရုစ်အာဏာပိုင်တွေဟာ ပိုလန်နိုင်ငံ ဒူဘိချက်ဆရ်ကီယနာရွာအနီးကို ဘတ်စ်ကားနဲ့ ရာနဲ့ချီတဲ့လူအုပ်စုကို ခေါ်ဆောင်လာပြီးတော့ ပိုလန်အရာရှိတွေကို ခေတ္တခဏ လေဆာနဲ့ မျက်စေ့ကွယ်သွားအောင်လုပ်ပြီး အဲ့ဒီလူတွေဘက်ကို ကူညီဆောင်ရွက်ပေးခဲ့တာလို့ ပိုလန်နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ အန်နာမီဟာစကာက ပြောပါတယ်။
နယ်ခြားစောင့်တပ်က ဖြတ်ကူးလာသူတွေကို တားမြစ်တဲ့အခါ ရွှေ့ပြောင်းနေထိုင်သူတချို့ကို ထရပ်ကားနဲ့ ခေါ်ဆောင်သွားချိန်မှာ တခြားသူတွေက ဘီလာရုစ်ထဲကို နောက်ထပ် လမ်းလျှောက်ဝင်လာနေတာလို့လည်း ဆိုပါတယ်။
ပိုလန်နယ်စပ်မှာ ထောင်နဲ့ချီတဲ့လူတွေ စုပြုံနေထိုင်နေတဲ့ ပင်မစခန်းတွေကို ဘီလာရုစ် အာဏာပိုင်တွေက နိုဝင်ဘာ ၁၈ ရက်မှာ ရှင်းလင်းခဲ့ပါတယ်။
ရာနဲ့ချီတဲ့ အီရတ်နိုင်ငံသားတွေကို ဘီလာရုစ်မြို့တော် မင့်စ်ခ်ကနေ ပထမဆုံး ပြန်လည်ပို့ဆောင်ရေးလေယာဉ်နဲ့ နိုင်ငံပြန်ပို့ပေးခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှ လူထောင်ပေါင်းများစွာဟာ လေကြောင်းခရီးနဲ့ ဘီလာရုစ်ကို လာနေပြီးတော့ သူတို့တွေကို နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဖို့ တွန်းအားပေးနေတယ်လို့ ဥရောပအစိုးရတွေက စွပ်စွဲထားပါတယ်။
အေးခဲနေတဲ့ တောအုပ်ထဲမှာ ရွှေ့ပြောင်းနေထိုင်သူ ၁၀ ဦးလောက် သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။ ဘီလာရုစ်ကတော့ တမင်တကာ အကျပ်အတည်းဖြစ်အောင် လုပ်နေတယ်ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။