close

အရှေ့အလယ်ပိုင်းရောက် မြန်မာအိမ်အကူလုပ်သားများကို အလုပ်ရှင်က အစာဝလင်စွာမကျွေးဘဲ အလုပ်ခိုင်းစေနေ

အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေမှာသွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအိမ်အကူအလုပ်သမားအများစုဟာ အစားသောက် ဝလင်အောင်မစားရဘဲ အလုပ်ပင်ပန်းစွာ လုပ်နေကြရတာကြောင့် ကျန်းမာရေးထိခိုက်လာတယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။

အိမ်ရှင်အများစုက အိမ်အကူလုပ်သားတွေကို အကန့်အသတ်နဲ့သာကျွေးပြီး အလုပ်ကိုအချိန်ပြည့်စေ ခိုင်းနေတာကြောင့် အာဟာရ ပြတ်လပ်မှုနဲ့တွေ့ကြုံနေကြရတယ်လို့လည်း ဆိုပါတယ်။

ယူအေအီးနိုင်ငံရောက်မြန်မာအိမ်အကူတဦးက "အလုပ်ကို ၁၈ နာရီလောက်လုပ်ရတယ်။ ကျွေးတာက တစ်နေ့မှ ကြက်ဥတစ်လုံးတည်း။ ကြာတော့လူက အားပြတ်လာတယ်။ အခုလည်းနေမကောင်းဘူး။ နေမကောင်းလည်းပေးမနားဘူး။ အော်ဟောက်ခိုင်းနေတာ"လို့ ပြောပါတယ်။

အဲဒီလို အနေဆင်းရဲ၊ အစားဆင်းရဲလို့ ဆက်မလုပ်နိုင်တာကြောင့် အေဂျင့် ရုံးကို သွားပေမဲ့ ဘာမှ အခြေအနေထူးမလာဘူးလို့  ကိုယ်တိုင်ကြုံတွေ့နေရသူတွေက ဆိုပါတယ်။

အိုမန်နိုင်ငံရောက်အိမ်အကူတစ်ဦးက "အေဂျင့်ရုံးမှာလည်း ပဲဟင်းရည်ကျဲကျဲတစ်ခွက်နဲ့ ထမင်းဖြူစားရတယ်။ ရုံးမှာရောက်နေတဲ့သူ တော်တော်များများလည်း အာဟာရမပြည့်လို့ နေမကောင်းဖြစ်နေကြတယ်။ တချို့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်နေကြတယ်"လို့ ပြောပါတယ်။

အဲဒီလို အဆင်မပြေမှုတွေရှိလို့ အိမ်ပြန်ချင်ပေမယ့် လျော်ကြေးပေးမှပြန်ခွင့်ရမယ်ဆိုပြီး အေးဂျင့်တွေက အကျပ်ကိုင်တာကြောင့် အခက်တွေ့နေကြရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

အဲဒီနိုင်ငံတွေမှာ အိမ်အကူအနေနဲ့ရောက်ရှိနေသူတွေဟာ ခြောက်လမပြည့်ဘဲ ပြန်မယ်ဆိုရင် တယောက်ကို  ကျပ်သိန်း ၆၀ လျော်ရမယ်လို့လည်းဆိုပါတယ်။

အလုပ်သမားတွေရဲ့  ပတ်စ်ပို့စ် စာအုပ်တွေကို အေဂျင့်တွေကသိမ်းထားပြီး လျော်ကြေးပေးမှ ပြန်ထုတ်ပေးတာကြောင့် နေရပ်ပြန်ဖို့လည်းအခက်ကြုံနေကြရတယ်လို့   အလုပ်သမားတွေက ပြောပါတယ်။

အဲဒီလို အခက်အခဲတွေ့နေသူတွေအများအပြားရှိနေလို့ စစ်ကောင်စီသံရုံးနဲ့  NUGအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနထံ ဆက်သွယ်အကူအညီတောင်းပေမဲ့ အကြောင်းပြန်ကြားတာ မရှိဘူးလို့လည်း အိမ်အကူ အလုပ်သမားတွေက ပြောပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီသံရုံးနဲ့  NUG အစိုးရဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up