ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်က အထင်ကရကြယ်ငါးပွင့်ဟိုတယ်ကြီးတခုဖြစ်တဲ့ ဒါရာဒေဝီ ဟိုတယ်ကြီးဟာ ကိုဗစ်-၁၉ ကာလမှာ ခရီးသွားဧည့်သည်တွေမလာလို့ အရှုံးပေါ်ပြီး ရပ်နားခဲ့ရပါတယ်။
ဟိုတယ်လုပ်ငန်းဟာ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မေလကတည်းက ရပ်နားထားရပြီး ဟိုတယ် ဝန်ထမ်းနဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ လုပ်အားခနဲ့ နစ်နာကြေးတွေ မရတဲ့အတွက် ခရိုင်အလုပ်သမားတရားရုံးကို တိုင်ကြားခဲ့ကြပါတယ်။
၂ နှစ်ကျော် တရားရင်ဆိုင်ခဲ့ကြပြီး ဩဂုတ် ၂၅ ရက်နေ့ကျမှ အလုပ်သမား ၁၀၈ ဦးရဲ့ ရသင့်ရထိုက်တဲ့ လုပ်အားခ စုစုပေါင်း ဘတ် ၁၆ သန်းကျော်ကို ပြန်လည်ရရှိခဲ့တာပါ။
ဟိုတယ်ကိုယ်စားလှယ်တွေက အမှတ် ၅ တိုင်းဒေသတရားရုံးချုပ်မှာ လာရောက်ပြီး ဒုခရိုင်ဝန်၊ ခရိုင်အလုပ်သမားကာကွယ်ရေးရုံးနဲ့ အလုပ်သမားတရားရုံးတာဝန်ရှိသူတွေရှေ့မှာ ပေးအပ်ခဲ့ပါတယ်။
အလုပ်သမားခေါင်းဆောင်တဦးက အခုလို ထိုက်သင့်တဲ့လုပ်အားခတွေ ပြန်ရတဲ့အတွက် ဝမ်းသာကြောင်း၊ တချို့ဟာ အလုပ်ပြုတ်စဉ်က စားဝတ်နေရေးအတွက် တင်ခဲ့တဲ့ အကြွေးတွေ ပြန်ဆပ်ရတော့မှာ ဖြစ်သလို အချို့က ကိုယ်ပိုင်လုပ်ကိုင်စားသောက်ဖို့ အရင်းအနှီးရသွားပြီ ဖြစ်ကြောင်း၊ ဟိုတယ်စားဖိုမှူးကတော့ ရစရာရှိတဲ့ လုပ်အားခကို မျှော်လင့်စောင့်ဆိုင်းရင်း ရောဂါနဲ့ ဆုံးပါးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါရာဒေဝီဟိုတယ်ဟာ ကျယ်ဝန်းတဲ့မြေဧရိယာထဲမှာ အဆောင်တိုင်းကို ရှေးနန်းတော်လို စုလစ်မွမ်းချွန်တွေနဲ့ တည်ဆောက်ထားပြီး ဥယျာဉ်ပန်းခြံ၊ လယ်ယာစိုက်ခင်းတွေပါ တည်ရှိပါတယ်။ အထဲမှာလည်း မြန်မာဘုရင်လက်ထက်အပါအဝင် ရှေးခေတ်ဝတ်စားဆင်ယင်မှုနဲ့ အသုံးအဆောင်တွေပါ ပြတိုက်လိုထားရှိပါတယ်။ ဟိုတယ်ခန်းငှားခမှာ တညကို ဘတ်ငွေ ထောင်ဂဏန်းမှ ၁ သိန်းကျော်ထိရှိပြီး နိုင်ငံခြားသားနဲ့ ရုပ်ရှင်ရိုက်ကူးရေးသမားတွေ လာရောက်လေ့ရှိတဲ့ ဟိုတယ်တခုလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဟိုတယ်ဟာ အရှုံးပေါ်ပြီး အလုပ်သမား လုပ်အားခမပေးတဲ့အမှုအပြင် အခြား အမှုပေါင်း ၇၀ လောက်ပါ ရင်ဆိုင်နေရကြောင်း၊ အဆိုပါဟိုတယ်အား ဘတ်သန်းပေါင်း ၂၄၀၀ နဲ့ ရောင်းမယ်လို့ ကြေညာထားပေမယ့် ဝယ်သူမရှိသေးဘူးလို့ ချနယ်လ် ၇ ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။
ကိုးကား - nationtv.tv
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ Popular အထည်ချုပ်စက်ရုံကို အထည်အပ်တဲ့ Brand ကုမ္ပဏီတွေဆီကို တိုင်ကြားလိုက်ပြီးတဲ့နောက် အလုပ်ထုတ်ခံထားရတဲ့ လုပ်သားတွေအတွက် Popular အထည်ချုပ်စက်ရုံက နစ်နာကြေး ပြန်ထုတ်ပေးလိုက်တယ်လို့ သိရပါတယ်။
Popular စက်ရုံက မတ်နဲ့ ဧပြီလတွေမှာ အလုပ်သမား ၁၃ ဦးကို အလုပ်က အကြောင်းမဲ့ ထုတ်ပယ်ခဲ့လို့ အဲဒီစက်ရုံရဲ့ အလုပ်သမားအခွင့်အရေး လိုက်နာမှုမရှိတဲ့အပေါ် အထည်အပ်တဲ့ Brand ကုမ္ပဏီတွေဆီ CTUM နဲ့ IWFM အလုပ်သမားအဖွဲ့ချုပ်တွေ အကူအညီနဲ့ ဆက်သွယ် တိုင်ကြားခဲ့တာပါ။
အဲဒီလို တိုင်ကြားလိုက်တာကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၁၃ ဦးအတွက် ကြားကာလ နစ်နာကြေး ၄ လစာစီဖြစ်တဲ့ ငွေကျပ် ၈၂ သိန်းကျော်ကို အောက်တိုဘာ ၄ ရက်မှာ Popular စက်ရုံက ပြန်ထုတ်ပေးလိုက်တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ စက်ရုံတွေကို Brand အပ်တဲ့ ကုမ္ပဏီဆီ တိုင်ကြားတဲ့ နည်းလမ်းကို အလုပ်သမားအဖွဲ့တွေက ပြောင်းလဲကျင့်သုံးနေပြီး ထိရောက်မှုရှိတယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
စက်တင်ဘာလကလည်း Honor အထည်ချုပ်စက်ရုံမှာ အလားတူ တိုင်ကြားခံရပြီး အလုပ်သမား ၁၀ ဦးအတွက် နစ်နာကြေး ၁၁ လစာစီ ပေးခဲ့ရပါသေးတယ်။