close

အရှုံးပေါ် ရပ်နားခဲ့ရသည့် ဒါရာဒေဝီဟိုတယ်မှ အလုပ်သမား ၁၀၀ ကျော် နစ်နာကြေးဘတ် ၁၆ သန်းကျော်ရရှိ

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်က အထင်ကရကြယ်ငါးပွင့်ဟိုတယ်ကြီးတခုဖြစ်တဲ့ ဒါရာဒေဝီ ဟိုတယ်ကြီးဟာ ကိုဗစ်-၁၉ ကာလမှာ ခရီးသွားဧည့်သည်တွေမလာလို့ အရှုံးပေါ်ပြီး ရပ်နားခဲ့ရပါတယ်။

ဟိုတယ်လုပ်ငန်းဟာ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မေလကတည်းက ရပ်နားထားရပြီး ဟိုတယ် ဝန်ထမ်းနဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ လုပ်အားခနဲ့ နစ်နာကြေးတွေ မရတဲ့အတွက် ခရိုင်အလုပ်သမားတရားရုံးကို တိုင်ကြားခဲ့ကြပါတယ်။ 

၂ နှစ်ကျော် တရားရင်ဆိုင်ခဲ့ကြပြီး ဩဂုတ် ၂၅ ရက်နေ့ကျမှ အလုပ်သမား ၁၀၈ ဦးရဲ့  ရသင့်ရထိုက်တဲ့ လုပ်အားခ စုစုပေါင်း ဘတ် ၁၆ သန်းကျော်ကို ပြန်လည်ရရှိခဲ့တာပါ။ 

ဟိုတယ်ကိုယ်စားလှယ်တွေက အမှတ် ၅ တိုင်းဒေသတရားရုံးချုပ်မှာ လာရောက်ပြီး ဒုခရိုင်ဝန်၊ ခရိုင်အလုပ်သမားကာကွယ်ရေးရုံးနဲ့ အလုပ်သမားတရားရုံးတာဝန်ရှိသူတွေရှေ့မှာ ပေးအပ်ခဲ့ပါတယ်။ 

အလုပ်သမားခေါင်းဆောင်တဦးက အခုလို ထိုက်သင့်တဲ့လုပ်အားခတွေ ပြန်ရတဲ့အတွက် ဝမ်းသာကြောင်း၊ တချို့ဟာ အလုပ်ပြုတ်စဉ်က စားဝတ်နေရေးအတွက် တင်ခဲ့တဲ့ အကြွေးတွေ ပြန်ဆပ်ရတော့မှာ ဖြစ်သလို အချို့က ကိုယ်ပိုင်လုပ်ကိုင်စားသောက်ဖို့ အရင်းအနှီးရသွားပြီ ဖြစ်ကြောင်း၊ ဟိုတယ်စားဖိုမှူးကတော့ ရစရာရှိတဲ့ လုပ်အားခကို မျှော်လင့်စောင့်ဆိုင်းရင်း ရောဂါနဲ့ ဆုံးပါးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါရာဒေဝီဟိုတယ်ဟာ ကျယ်ဝန်းတဲ့မြေဧရိယာထဲမှာ အဆောင်တိုင်းကို ရှေးနန်းတော်လို စုလစ်မွမ်းချွန်တွေနဲ့ တည်ဆောက်ထားပြီး ဥယျာဉ်ပန်းခြံ၊ လယ်ယာစိုက်ခင်းတွေပါ တည်ရှိပါတယ်။ အထဲမှာလည်း မြန်မာဘုရင်လက်ထက်အပါအဝင် ရှေးခေတ်ဝတ်စားဆင်ယင်မှုနဲ့ အသုံးအဆောင်တွေပါ ပြတိုက်လိုထားရှိပါတယ်။ ဟိုတယ်ခန်းငှားခမှာ တညကို ဘတ်ငွေ ထောင်ဂဏန်းမှ ၁ သိန်းကျော်ထိရှိပြီး နိုင်ငံခြားသားနဲ့ ရုပ်ရှင်ရိုက်ကူးရေးသမားတွေ လာရောက်လေ့ရှိတဲ့ ဟိုတယ်တခုလည်း ဖြစ်ပါတယ်။ 

ဒါပေမဲ့ ဟိုတယ်ဟာ အရှုံးပေါ်ပြီး အလုပ်သမား လုပ်အားခမပေးတဲ့အမှုအပြင် အခြား အမှုပေါင်း ၇၀ လောက်ပါ ရင်ဆိုင်နေရကြောင်း၊ အဆိုပါဟိုတယ်အား ဘတ်သန်းပေါင်း ၂၄၀၀ နဲ့ ရောင်းမယ်လို့ ကြေညာထားပေမယ့် ဝယ်သူမရှိသေးဘူးလို့ ချနယ်လ် ၇ ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။ 

ကိုးကား - nationtv.tv

//
Up