close

အာဆီယံဒေသ

close

March 16, 2022

ကိုဗစ်-၁၉ ကြောင့် အာဆီယံဒေသတွင်း အလုပ်အကိုင် ၉ သန်းကျော် ဆုံးရှုံးဟု ADB ခန့်မှန်း

ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် အရှေ့တောင်အာရှ ဒေသတွင်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကဏ္ဍတွေမှာ အပါအဝင် အလုပ်အကိုင် ၉ ဒသမ ၃ သန်း ဆုံးရှုံးခဲ့ရတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်ပြန်ပါတယ်။

ဒီအကျိုးဆက်က ပြီးခဲ့တဲ့ နှစ်မှာ လူဉီးရေ ၄ ဒသမ ၇ သန်းကို အလွန်အမင်း ဆင်းရဲမွဲတေမှုဆီ တွန်းပို့ခဲ့ပြီး တရက်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ အောက်မှာသာ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ၊ လူငယ်တွေ၊ ကျွမ်းကျင်လုပ်သား မဟုတ်သူတွေကို ခေါ်ယူအသုံးပြုလေ့ရှိတဲ့ လက်လီနဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ငန်းကဏ္ဍတွေမှာလည်း သွားလာလှုပ်ရှားမှု အကန့်အသတ်တွေကြောင့် မညီမျှမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေပြီး အဆိုးဝါးဆုံး ရိုက်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ADB ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

“ဆင်းရဲနွမ်းပါးမှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုတွေအပေါ် ဒီကပ်ဘေးရဲ့ သက်ရောက်မှုက လာမယ့် အနာဂတ်မှာ တက်ကြွလှုပ်ရှားမှုမရှိတဲ့ လုပ်သားတွေကို ကျွမ်းကျင်မှု နည်းပါးလာစေပြီး မညီမျှမှုဟာ နောက်ထပ် မျိုးဆက်တွေ ဆီ ဆက်လက်ပြီးတော့ ကူးပြောင်းသွားစေနိုင်တယ်”

အရှေ့တောင်အာရှဒေသတွင်း လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခဲ့ပြီးဖြစ်ကာ အများကြား ရွေ့လျားသွားလာမှုတွေ ကောင်းမွန်လာတာမို့ လတ်တလောမှာတော့ ပိုပြီးတော့ အခြေအနေကောင်းလာနိုင်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) တန်ဖိုးဟာ အခုနှစ်ထဲမှာ ၅ ဒသမ ၁ ရာခိုင်နှုန်းထိ တိုးတက်လာနိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

အသေးစားလုပ်ငန်းတွေကို ဒစ်ဂျစ်တယ်စနစ်နဲ့ တပ်ဆင်လည်ပတ်တာတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကျွမ်းကျင်မှုသင်တန်းတွေ ပေးတာတွေကသာ သူတို့အတွက် New Normal လုပ်ငန်းခွင်မှာ နောက်ကျကျန်မနေစေဖို့အတွက် သေချာစေမှာဖြစ်တယ်လို့လည်း ADB က ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးအသုံးစရိတ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်း သုံးစွဲရာကနေ လက်ရှိမှာ ၅ ရာခိုင်နှုန်းထိ တိုးမြှင့်သုံးစွဲလာတာက ရောဂါကူးစက်ပြန့်ပွားမှု စောင့်ကြည့်ခြင်းကိုလည်း တိုးတက်လာစေပြီး တိုးတက်မှု ၁ ဒသမ ၅ ရာခိုင်နှုန်း ပေါင်းထည့်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

10 mins Ago

December 9, 2021

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် အာဆီယံဒေသတွင်း ခရီးလှည့်မည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ လာမယ့်သီတင်းပတ်မှာ အရှေ့တောင်အာရှနိုင်ငံတွေကို ခရီးသွားမှာဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံကို ထိပ်တိုက်တွေ့မယ့် အမေရိကန်ရဲ့ မဟာဗျူဟာအတွက် ဒေသတွင်းအရေးပါမှုကို ပြသဖို့နဲ့ စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ပိုဆိုးရွားလာနေတဲ့ အကျပ်အတည်းကို အဖြေရှာဖို့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ AFP သတင်းမှာ ရေးပါတယ်။ 

ဘလင်ကန်ဟာ အင်္ဂလန်နိုင်ငံ၊ လီဗာပူးမှာ သူ့ရဲ့ G7 မိတ်ဖက်တွေနဲ့ တွေ့ဆုံပြီးနောက် သူ့ရဲ့ကမ္ဘာလှည့်ခရီးကို စတင်မှာဖြစ်တယ်လို့ သူ့ရဲ့ပြောရေး ဆိုခွင့်ရှိသူ Ned Price နက်ဒ်ပရိုက်စ်က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

တခြားကိစ္စရပ်တွေကြားမှာ ဘလင်ကန်ဟာ ယူကရိန်းနယ်စပ်မှာ ရုရှားတပ်ဖွဲ့တွေ အင်အား တိုးချထားတာနဲ့ပတ်သက်လို့ ဆွေးနွေးမှာဖြစ်ပြီး ဒီကိစ္စဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အင်္ဂါနေ့က ထိပ်သီးဆွေးနွေးပွဲမှာ ကိုင်တွယ်ဖြေရှင်းရတဲ့ အရေးတကြီး ထိပ်တန်းကိစ္စတရပ်လည်း ဖြစ်ပါတယ်။ 

ဘလင်ကန်ဟာ ရုရှားနိုင်ငံခြားရေဝန်ကြီး လာဗ်ရော့ဗ်နဲ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ တွေ့ဆုံဖို့ရှိတယ်လို့လည်း  နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။ အဲ့ဒီနောက် ဘလင်ကန်ဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ ထိပ်တန်းဦးစားပေးကိစ္စကိုဆွေးနွေးဖို့  အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။ 

ဂျကာတာမှာ ဘလင်ကန်က အင်ဒို-ပစိဖိတ်ဒေသရဲ့အရေးပါမှုကို မိန့်ခွန်းပြောမှာဖြစ်ပြီး ကွာလာလမ်ပူမှာတော့ လွတ်လပ်ပွင့်လင်းမြဲရှိရမယ့် ဒေသတွင်းအတွက် လိုအပ်ချက်တွေကို မိန့်ခွန်းပြောမှာ ဖြစ်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ 

အထူးသဖြင့် အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ ဒေသတွင်း ခြိမ်းခြောက်မှုနဲ့ ဖိအားတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို စွပ်စွဲထားပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အာဆီယံဒေသတွင်းက တနိုင်ငံချင်းစီအရေးကိစ္စတွေထဲမှာ  မြန်မာနိုင်ငံက ပိုဆိုးလာတဲ့ အကျပ်အတည်းကို ဖြေရှင်းမှာပါ လို့  နက်ဒ်ပရိုက်စ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချခဲ့တာနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ရှုတ်ချခဲ့ပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ ကမ္ဘာလှည့်ခရီးဟာ ဒီဇင်ဘာ ၁၇ ဟာဝိုင်အီမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ 

3 months Ago
Up