close

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် အာဆီယံဒေသတွင်း ခရီးလှည့်မည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ လာမယ့်သီတင်းပတ်မှာ အရှေ့တောင်အာရှနိုင်ငံတွေကို ခရီးသွားမှာဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံကို ထိပ်တိုက်တွေ့မယ့် အမေရိကန်ရဲ့ မဟာဗျူဟာအတွက် ဒေသတွင်းအရေးပါမှုကို ပြသဖို့နဲ့ စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ပိုဆိုးရွားလာနေတဲ့ အကျပ်အတည်းကို အဖြေရှာဖို့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ AFP သတင်းမှာ ရေးပါတယ်။ 

ဘလင်ကန်ဟာ အင်္ဂလန်နိုင်ငံ၊ လီဗာပူးမှာ သူ့ရဲ့ G7 မိတ်ဖက်တွေနဲ့ တွေ့ဆုံပြီးနောက် သူ့ရဲ့ကမ္ဘာလှည့်ခရီးကို စတင်မှာဖြစ်တယ်လို့ သူ့ရဲ့ပြောရေး ဆိုခွင့်ရှိသူ Ned Price နက်ဒ်ပရိုက်စ်က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

တခြားကိစ္စရပ်တွေကြားမှာ ဘလင်ကန်ဟာ ယူကရိန်းနယ်စပ်မှာ ရုရှားတပ်ဖွဲ့တွေ အင်အား တိုးချထားတာနဲ့ပတ်သက်လို့ ဆွေးနွေးမှာဖြစ်ပြီး ဒီကိစ္စဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အင်္ဂါနေ့က ထိပ်သီးဆွေးနွေးပွဲမှာ ကိုင်တွယ်ဖြေရှင်းရတဲ့ အရေးတကြီး ထိပ်တန်းကိစ္စတရပ်လည်း ဖြစ်ပါတယ်။ 

ဘလင်ကန်ဟာ ရုရှားနိုင်ငံခြားရေဝန်ကြီး လာဗ်ရော့ဗ်နဲ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ တွေ့ဆုံဖို့ရှိတယ်လို့လည်း  နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။ အဲ့ဒီနောက် ဘလင်ကန်ဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ ထိပ်တန်းဦးစားပေးကိစ္စကိုဆွေးနွေးဖို့  အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။ 

ဂျကာတာမှာ ဘလင်ကန်က အင်ဒို-ပစိဖိတ်ဒေသရဲ့အရေးပါမှုကို မိန့်ခွန်းပြောမှာဖြစ်ပြီး ကွာလာလမ်ပူမှာတော့ လွတ်လပ်ပွင့်လင်းမြဲရှိရမယ့် ဒေသတွင်းအတွက် လိုအပ်ချက်တွေကို မိန့်ခွန်းပြောမှာ ဖြစ်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ 

အထူးသဖြင့် အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ ဒေသတွင်း ခြိမ်းခြောက်မှုနဲ့ ဖိအားတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို စွပ်စွဲထားပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အာဆီယံဒေသတွင်းက တနိုင်ငံချင်းစီအရေးကိစ္စတွေထဲမှာ  မြန်မာနိုင်ငံက ပိုဆိုးလာတဲ့ အကျပ်အတည်းကို ဖြေရှင်းမှာပါ လို့  နက်ဒ်ပရိုက်စ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချခဲ့တာနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ရှုတ်ချခဲ့ပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ ကမ္ဘာလှည့်ခရီးဟာ ဒီဇင်ဘာ ၁၇ ဟာဝိုင်အီမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up