မနှစ်ကဘောလုံးရာသီမှာ နယူးကာဆယ်အသင်းအပေါ် ရှုံးကြွေးတင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ပွဲမတိုင်ခင် မှာပြသခဲ့ကြောင်း အာဆင်နယ် နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိရလဒ်အတိုင်း ပြန်လည်အနိုင်ရရှိခဲ့တာပါ။
အာဆင်နယ်ဟာပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အိမ်ကွင်းမှာ ၂ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရူံးစေခဲ့တာပါ။
နည်းပြအာတေတာဟာ အာဆင်နယ်အသင်းရဲ့ All or Nothing Documentary မှာပါဝင်တဲ့ အဲဒီရှုံးပွဲအကြောင်း ဗီဒီယိုဖိုင်ကို ကစားသမားတွေ စိတ်ဓာတ်တက်ကြွစေဖို့ ပြန်လည် ပြသခဲ့တာပါ။
အဲဒီအချိန်ကရှုံးပွဲနဲ့ ပတ်သက်ပြီး ကစားသမားတွေဟာ စိတ်ခံစားမှုပြင်းထန်ခဲ့ရပြီး အခွင့်အရေးပြန်ရတဲ့ မနေ့ကပွဲစဉ်မှာ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ကစားနိုင်ခဲ့ကြောင်း၊ မတူညီတဲ့ နည်းလမ်းတွေ၊ စိတ်ဆန္ဒပြင်းပြမှုတွေ၊ အရည်အသွေးကောင်းတွေနဲ့ ယှဉ်ပြိုင်ကစားပြနိုင်ခဲ့ကြောင်း နည်းပြအာတေတာကပြောပါတယ်။
နယူးကာဆယ်အသင်းဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံတော့တဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။
မန်စီးတီးနဲ့ ကစားရမယ့်ပွဲစဉ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲစဉ်မဟုတ် ကြောင်း အာဆင်နယ်နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းပွဲစဉ်အဖြစ် မန်စီးတီးအိမ်ကွင်း အီတီဟတ်မှာ သွားရောက်ရင်ဆိုင်ရာမှာပါ။
အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ဟာ မန်စီးတီးထက် နှစ်ပွဲပိုကစားပြီး ၅ မှတ်သာဖြတ်ထားတာပါ။
မန်စီးတီးနဲ့ ပွဲစဉ်ဟာ အလွန်အရေးပါတဲ့ပွဲစဉ်ဆိုတာမှန်ပေမဲ့ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲစဉ်တော့ မဟုတ်ကြောင်း၊ နှစ်သင်းစလုံးအနေနဲ့ နောက်ထပ်ပွဲစဉ်တွေဆက်ကစားသွားရဦးမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်အနေနဲ့ နောက်ဆုံးသုံးပွဲဆက်တိုက်သရေကျခဲ့ပေမဲ့ မန်စီးတီးနဲ့ ပွဲစဉ် ဟာ အသင်းရဲ့စွမ်းဆောင်ရည်ကောင်းကို ထုတ်ပြရမယ့် အချိန်ကောင်းဖြစ်တယ်လို့လည်း နည်းပြအာတေတာက ပြောသွားပါတယ်။