နယူးကာဆယ်အပေါ်ရှုံးကြွေးတင်ခဲ့သည့် ဗီဒီယိုဖိုင်ကို ပွဲမတိုင်ခင်မှာပြသခဲ့ဟု အာတေတာ ပြော

မနှစ်ကဘောလုံးရာသီမှာ နယူးကာဆယ်အသင်းအပေါ် ရှုံးကြွေးတင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ပွဲမတိုင်ခင် မှာပြသခဲ့ကြောင်း အာဆင်နယ် နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိရလဒ်အတိုင်း ပြန်လည်အနိုင်ရရှိခဲ့တာပါ။
အာဆင်နယ်ဟာပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အိမ်ကွင်းမှာ ၂ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရူံးစေခဲ့တာပါ။
နည်းပြအာတေတာဟာ အာဆင်နယ်အသင်းရဲ့ All or Nothing Documentary မှာပါဝင်တဲ့ အဲဒီရှုံးပွဲအကြောင်း ဗီဒီယိုဖိုင်ကို ကစားသမားတွေ စိတ်ဓာတ်တက်ကြွစေဖို့ ပြန်လည် ပြသခဲ့တာပါ။
အဲဒီအချိန်ကရှုံးပွဲနဲ့ ပတ်သက်ပြီး ကစားသမားတွေဟာ စိတ်ခံစားမှုပြင်းထန်ခဲ့ရပြီး အခွင့်အရေးပြန်ရတဲ့ မနေ့ကပွဲစဉ်မှာ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ကစားနိုင်ခဲ့ကြောင်း၊ မတူညီတဲ့ နည်းလမ်းတွေ၊ စိတ်ဆန္ဒပြင်းပြမှုတွေ၊ အရည်အသွေးကောင်းတွေနဲ့ ယှဉ်ပြိုင်ကစားပြနိုင်ခဲ့ကြောင်း နည်းပြအာတေတာကပြောပါတယ်။
နယူးကာဆယ်အသင်းဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံတော့တဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။