အီရန်နိုင်ငံသားတွေဟာ အမေရိကန်ကြီးစိုးမှုကိုဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ၁၉၇၉ ခုနှစ်က တီဟီရန်မြို့ရှိ အမေရိကန်သံရုံးကို သိမ်းပိုက်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၅ ရက်က လူထုစုဝေးဆန္ဒပြခဲ့ကြပါတယ်။
မြို့တော်တီဟီရန်မှာ ထောင်နဲ့ချီတဲ့လူတွေဟာ အမေရိကန်သံရုံး အဆောက်အအုံဟောင်းရဲ့ အပြင်ဘက်မှာ စုရုံးခဲ့ကြပြီး သံရုံးအလံတွေကို ဝှေ့ယမ်းပြီး အမေရိကန် ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၄၃ နှစ်က ဒီလိုနေ့မှာ အီရန် တက္ကသိုလ်ကျောင်းသားတွေဟာ တီဟီရန်ရှိ အမေရိကန်သံရုံးကို သိမ်းပိုက်ခဲ့တာပါ။
နှစ်စဉ်နှစ်တိုင်း အဲဒီနေ့မှာ အီရန်နိုင်ငံသားတွေဟာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့အတူ သံရုံးကိုသိမ်းပိုက်ခြင်း အထိမ်းအမှတ်ပွဲတွေကို ပြုလုပ်ကြပါတယ်။
အီရန်သမ္မတ အီဗရာဟင်မ် ရိုင်စီက ဒီနေ့ထူးနေ့မြတ် ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ရာမှာ ကမ္ဘာ့ရာဇ၀တ်မှုတွေနဲ့ တရားမမျှတမှုတွေ စာရင်းကိုတင်ပြလို့ရမယ်ဆိုရင် အမေရိကန်ဟာ အဲဒီစာရင်းရဲ့ထိပ်ဆုံးမှာ ရှိနေမှာပဲလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်ဝါဒကို တိုက်ဖျက်ခြင်းဆိုတဲ့ နာမည်နဲ့ တခြားနိုင်ငံတွေကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းဟာ ကမ္ဘာ့နေရာ အများအပြားမှာ ခွဲထွက်ရေး လှုပ်ရှားမှုတွေနဲ့ အကြမ်းဖက်ဝါဒတွေကို ပံ့ပိုးပေးခဲ့ပြီး တခြားနိုင်ငံတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခြင်းဟာ အမေရိကန်ရဲ့မောက်မာတဲ့ လုပ်ရပ်တွေရဲ့ နမူနာတွေဖြစ်ကြောင်း အီရန်သမ္မတက ပြောကြားခဲ့ပါတယ်။
အလားတူ ဆန္ဒပြမှုတွေကို နိုင်ငံတဝန်းရှိ မြို့ပေါင်း ၉၀၀ လောက်မှာ ပြုလုပ်ခဲ့ကြောင်း အီရန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အီရန်အစိုရကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေပေမဲ့ အမေရိကန်ဟာ အီရန်နိုင်ငံသားတွေအတွက်တော့ အင်တာနက်ဝန်ဆောင်မှုတွေကို တိုးချဲ့လုပ်ဆောင်နေပြီး ပွင့်လင်းမြင်သာမှုရအောင် လုပ်ပေးမယ်လို့ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်ခ်က ပြောပါတယ်။
အီရန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးပြီးနောက် နိုင်ငံတဝန်းဆန္ဒပြမှုတွေ ပေါ်ပေါက်လာချိန်မှာ အီလွန်မတ်ခ်က အီရန်အတွက် အင်တာနက်ဝန်ဆောင်မှုပေးဖို့ အခုလို သတင်းစကားပါးလိုက်တာဖြစ်ပါတယ်။
အီလွန်မတ်ခ်ဟာ လိုင်စင်အသစ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဆီက တွစ်တာပေါ်မှာ ရေးသားထားချက်ကို "Starlink ကို အသက်သွင်းနေပြီ” ဆိုတဲ့ မှတ်ချက်နဲ့ တုံ့ပြန်ခဲ့ပါတယ်။
Starlink ဟာ ကုမ္ပဏီရဲ့ ဘရော့ဘန်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို ရည်ညွှန်းတာ ဖြစ်ပြီး ရုရှားရဲ့ ကျူးကျော်မှုကို တိုက်ဖျက်ဖို့အတွက် ယူကရိန်းကိုလည်း ထောက်ပံ့ပေးထားပြီး ဖြစ်ပါတယ်။
သူ့ရဲ့ကုမ္ပဏီဟာ အီရန်နိုင်ငံသားတွေအတွက် Starlink ကို ပံ့ပိုးပေးသွားမှာမယ်လို့ အီလွန်မတ်ခ်က စက်တင်ဘာ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။