အမေရိကန်ကြီးစိုးမှု လက်မခံကြောင်း အီရန်နိုင်ငံသားများ မြို့ပေါင်း ၉၀၀ တွင် ဆန္ဒပြ

အီရန်နိုင်ငံသားတွေဟာ အမေရိကန်ကြီးစိုးမှုကိုဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ၁၉၇၉ ခုနှစ်က တီဟီရန်မြို့ရှိ အမေရိကန်သံရုံးကို သိမ်းပိုက်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၅ ရက်က လူထုစုဝေးဆန္ဒပြခဲ့ကြပါတယ်။
မြို့တော်တီဟီရန်မှာ ထောင်နဲ့ချီတဲ့လူတွေဟာ အမေရိကန်သံရုံး အဆောက်အအုံဟောင်းရဲ့ အပြင်ဘက်မှာ စုရုံးခဲ့ကြပြီး သံရုံးအလံတွေကို ဝှေ့ယမ်းပြီး အမေရိကန် ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၄၃ နှစ်က ဒီလိုနေ့မှာ အီရန် တက္ကသိုလ်ကျောင်းသားတွေဟာ တီဟီရန်ရှိ အမေရိကန်သံရုံးကို သိမ်းပိုက်ခဲ့တာပါ။
နှစ်စဉ်နှစ်တိုင်း အဲဒီနေ့မှာ အီရန်နိုင်ငံသားတွေဟာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့အတူ သံရုံးကိုသိမ်းပိုက်ခြင်း အထိမ်းအမှတ်ပွဲတွေကို ပြုလုပ်ကြပါတယ်။
အီရန်သမ္မတ အီဗရာဟင်မ် ရိုင်စီက ဒီနေ့ထူးနေ့မြတ် ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ရာမှာ ကမ္ဘာ့ရာဇ၀တ်မှုတွေနဲ့ တရားမမျှတမှုတွေ စာရင်းကိုတင်ပြလို့ရမယ်ဆိုရင် အမေရိကန်ဟာ အဲဒီစာရင်းရဲ့ထိပ်ဆုံးမှာ ရှိနေမှာပဲလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်ဝါဒကို တိုက်ဖျက်ခြင်းဆိုတဲ့ နာမည်နဲ့ တခြားနိုင်ငံတွေကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းဟာ ကမ္ဘာ့နေရာ အများအပြားမှာ ခွဲထွက်ရေး လှုပ်ရှားမှုတွေနဲ့ အကြမ်းဖက်ဝါဒတွေကို ပံ့ပိုးပေးခဲ့ပြီး တခြားနိုင်ငံတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခြင်းဟာ အမေရိကန်ရဲ့မောက်မာတဲ့ လုပ်ရပ်တွေရဲ့ နမူနာတွေဖြစ်ကြောင်း အီရန်သမ္မတက ပြောကြားခဲ့ပါတယ်။
အလားတူ ဆန္ဒပြမှုတွေကို နိုင်ငံတဝန်းရှိ မြို့ပေါင်း ၉၀၀ လောက်မှာ ပြုလုပ်ခဲ့ကြောင်း အီရန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။