close

အေသင်

close

June 25, 2022

ပင်စင်လစာတိုးပေးရန် ဂရိပင်စင်စားများ အေသင်မြို့တွင် ဆန္ဒပြ

ဂရိနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုက အိမ်ထောင်စုတွေကို ထိခိုက်နစ်နာစေခဲ့တာကြောင့် ဂရိပင်စင်စား ထောင်ပေါင်းများစွာဟာ ဇွန် ၂၄ ရက်က အေသင်မြို့မှာ ပင်စင်လစာတိုးပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ 

ဝင်ငွေအနည်းဆုံးအုပ်စုတွေထဲက တစုဖြစ်တဲ့ ပင်စင်စားတွေဟာ ငွေကြေးဖောင်းပွမှုနဲ့အတူ အခက်အခဲတွေ အများကြီး တိုးလာကြောင်းနဲ့ ပင်စင်လစာတွေက ထုတ်ပြီးလို့ ၅ ရက် ၁၀ ရက်ဆို ကုန်သွားပြီ လို့ ပြောကြပါတယ်။ 

တခြားအီးယူနိုင်ငံတွေလိုပဲ ဂရိနိုင်ငံဟာ လျှပ်စစ်ဓာတ်အား၊ ဓာတ်ငွေ့နဲ့ လောင်စာဆီ ကုန်ကျ စရိတ်တွေ မြင့်တက်မှုတွေကြောင့် ကျပ်တည်းလာပါတယ်။

ဂရိနိုင်ငံမှာ ငွေကြေးဖောင်းပွမှုဟာ ၂၉ နှစ်အတွင်း ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ပါတယ်။

ဇွန် ၂၈ ရက်မှာတော့ အစိုးရက ယာဉ်ပိုင်ရှင်တွေကို ၃ လစာ ထောက်ပံ့ကြေးတွေ ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ 

ဂရိနိုင်ငံဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လိုမျိုး စွမ်းအင် ထုတ်လုပ်ဖို့ အစပျိုးနေပြီး ရုရှားအပြင် တခြားနိုင်ငံတွေကနေလည်း သဘာဝဓာတ်ငွေ့ ရဖို့ လုပ်ဆောင်နေပါတယ်။ 

5 mins Ago

August 6, 2021

အေသင်မြို့မြောက်ပိုင်း တောမီး ထပ်လောင်

ဂရိနိုင်ငံ အေသင်မြို့တော်ရဲ့မြောက်ပိုင်းမှာ တောမီးတွေ သြဂုတ် ၅ ရက်က တကျော့ပြန် လောင်ကျွမ်းနေပါတယ်။ 

နိုင်ငံတဝန်းက တောမီးတွေကို ငြှိမ်းသတ်ဖို့ အရေးပေါ်အဖွဲ့ဝင်တွေက တတိယမြောက်နေ့ အဖြစ် ကြိုးစားနေကြဆဲပါ။ ရာသီဥတုအပူချိန်က ၄၀ ဒီဂရီ ဖာရင်ဟိုက်ရှိလို့ မီးပိုကြီးလာမှာကို အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဒေသခံတွေကတော့ ဆင်ခြေဖုံးတွေကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး ခိုလှုံခွင့် တောင်းခံသူ တွေကို ဘေးလွတ်ရာ ပို့ထားရပါတယ်။

အိမ်နီးချင်း တူရကီနိုင်ငံမှာလည်း တောမီးလောင်နေလို့ ဥရောပရဲ့ ဒီနှစ်နွေမှာ မီးလောင်၊ ရေကြီး၊ ဘေးသင့်တဲ့ မြင်ကွင်းတွေ ထပ်ပေါင်းထည့်သလို ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဂရိနိုင်ငံတဝန်း နေရာ ၁၅၀ ကျော်မှာ တောမီးတွေ လောင်နေလို့ အိမ်ခြေတွေ ပျက်စီးပြီး ဒါဇင်ချီတဲ့ မြို့ရွာတွေ ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ သစ်တောမြေဧက ထောင်ချီ မီးလောင် ပျက်စီးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

11 months Ago
Up