ပြီးခဲ့တဲ့နှစ်တွေအတွင်းက အောင်မြင်မှုတွေကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံရခြင်းမရှိ တာဖြစ်ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာအထိ ရောက်ရှိနေတာပါ။
အသင်းရဲ့ရလဒ်တွေ ယိမ်းယိုင်းနေပေမဲ့ တခြားအသင်းတွေရဲ့နည်းပြတွေလို ထုတ်ပယ်ခံရခြင်း မရှိတာဟာ အရင်ကအောင်မြင်မှုတွေကြောင့်ဆိုတာ သိမြင်ကြောင်း ကလော့ပ်က ဝန်ခံစကာ ဆိုခဲ့တာပါ။
ဒါပေမဲ့ အခုနှစ်ရာသီလို အခြေအနေမျိုးကို အသင်းနဲ့ ပထမဆုံးရာသီမှာ ဖြစ်ခဲ့မယ်ဆိုရင် ထုတ်ပယ်ခံရနိုင်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
ဂျာမန်နည်းပြကလော့ပ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဆုဖလားတွေအပါအဝင် အဓိက ဆုဖလား ၆ လုံးအထိ လီဗာပူးအတွက် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့အတူ ပထမဆုံးအကြိမ် ဥရောပချန်ပီယံလိဂ် ဆုဖလားရယူနိုင်ခြင်းရှိ၊ မရှိက သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုအပေါ် အဆုံးဖြတ်ပေးလိမ့်မယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
စပိန်နည်းပြဟာ ၂၀၁၆ ခုနှစ်ကတည်း မန်စီးတီးကို တာဝန်ယူခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲကိုပဲ အမြင့်ဆုံးတက်ရောက်ခဲ့ဖူးတာပါ။
ချန်ပီယံလိဂ်ဆုဖလား ရ၊ မရက မန်စီးတီးနည်းပြလက်ထက် အောင်မြင်မှု ရှိ၊ မရှိကို အဆုံးဖြတ်ပေးလိမ့်မယ်ဆိုတဲ့ အချက်ဟာ လက်ခံချင်စရာမကောင်းပေမယ့် လူတွေက အဲဒီလိုပဲ ဆုံးဖြတ်လိမ့်မယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ အခုနှစ်ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဂျာမန်ကလပ် လိုက်ဇစ်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး အိမ်ကွင်းပွဲစဉ်မှာ နိုင်ပွဲပြန်ယူနိုင်လို့ လိုအပ်နေပါတယ်။