နာမည်ကျော် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်နဲ့ တရုတ်နိုင်ငံသား ဖန်ရောင်းတို့ အမေရိကန်နိုင်ငံမှာ မစ်ဒယ်ဝိတ်တန်းအဖြစ် လာမယ့် မေလ ၅ ရက်နေ့ ယှဥ်ပြိုင်ထိုးသတ်သွားဖို့ စီစဉ်နေတယ်လို့ ONE Championship ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ဖန်ရောင်းဟာ အရပ်အမြင့် ၁၈၃ စီတီမီတာ (၆ ပေ) ၊ ကိုယ်အလေးချိန် ၉၃ ကီလိုဂရမ် (၂၀၅ ပေါင်) ရှိပြီး ပြိုင်ပွဲစုံ ၂၂ ပွဲမှာ နိုင်ပွဲ ၁၉ ပွဲနဲ့ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။
အသက် ၃၇ နှစ်ရှိတဲ့ အောင်လအန်ဆန်ကတော့ အရပ်အမြင့် ၁.၈ မီတာ (၆ ပေ ၁ လက္မ)၊ ကိုယ်အလေးချိန် ၉၃ ကီလိုဂရမ် (၂၀၅ ပေါင်) ရှိပြီး ပြိုင်ပွဲစုံ ၄၃ ပွဲမှာ နိုင်ပွဲ ၂၉ ပွဲနဲ့ ၁၃ ပွဲ ရှုံးပြီး တပွဲ ပျက်ပြယ်ထားပါတယ်။
အောင်လအန်ဆန်ဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲစဉ်နှစ်ခုမှာ ယူရှင်အိုကာမီ (ဂျပန်) နဲ့ ဂါဗာဒို (ဘရာဇီး) တို့ကို အနိုင်ရရှိထားပြီး ဖန်ရောင်း ကတော့ ဗစ်တာလီဘစ်ဒက်ရှ် (ရုရှား) နဲ့ ဒီရိုက်ဒါ (နယ်သာလန်) တို့ကို ရှုံးနိမ့်ထားပါတယ်။
“မြန်မာ့စပါးအုံး” ဟာ ဖန်ရောင်းနဲ့ ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာကျင်းပတဲ့ ပြိုင်ပွဲမှာ တွေ့ဆုံ ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ထားပေမဲ့လည်း ဖန်ရောင်းမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တာကြောင့် ဂါဗာဒို (ဘရာဇီး) နဲ့ လူပြောင်း ထိုးသတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ အဲဒီပွဲစဉ်မှာ ပြိုင်ဘက်ကို ပထမအချီ စက္ကန့် ၉၀ အတွင်း အလဲထိုး အနိုင်ယူခဲ့ပါတယ်။
ဇန်နဝါရီ ၁၄ ရက် ဒီနေ့မနက်က ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ONE Championship MMA ကိုယ်ခံပညာသိုင်းပေါင်းစုံထိုးသတ်ပွဲ CATCHWEIGHT တန်းပွဲစဉ်မှာ မြန်မာကိုယ်စားပြု အောင်လအန်ဆန်းက ဘရာဇီးဖိုက်တာ ဂီလ်ဘတ်တိုဂါဗာအိုကို အနိုင်ရသွားပါတယ်။
လက်သီးထိုးချက်တွေ၊ ခြေကန်ချက်တွေအားသာတဲ့ အောင်လအန်ဆန်းနဲ့ ကြမ်းပြင်မှာလှဲချ နပန်း ချုပ်ကွက်တွေ အားသာတဲ့ ဂါဗာအိုတို့ အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်ကြရာမှာ ပထမအချီမှာပဲ အောင်လအန်ဆန်းက အနိုင်ရသွားတာဖြစ်ပါတယ်။
ပွဲအပြီးမှာ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ အောင်လအန်ဆန်းက ဆုတောင်းစကားပြောကြားသွားခဲ့ပါတယ်။
“မြန်မာပရိတ်သတ်ကို ကျနော်အမြဲတမ်းကျေးဇူးတင်တယ်။ အားလုံးကို အရမ်းချစ်တယ်။ ဒီအရင်တနှစ်က ကျနော့်အတွက် အရမ်းခက်ခဲတယ်။ ကျနော်လည်း စိတ်အရမ်းကျတယ်။ ဒါပေမဲ့ ပြောချင်တာက အားလုံး စိတ်ကိုတင်းတင်းထားပါ။ ငြိမ်းချမ်းရေးက ကျနော့်အတွက် အရေးအကြီးဆုံးပဲ။ ကျနော့်အသက်တာမှာ ငြိမ်းချမ်းရေးပဲ။ အဲတော့ အားလုံး ဆက်ပြီးတော့ ဆုတောင်းပါ။ ငြိမ်းချမ်းရေးအတွက် အားလုံးကို ဆုတောင်းပေးပါလို့ ကျနော်တိုက်တွန်းချင်ပါတယ်”
အစောပိုင်းက အောင်လအန်ဆန်းဟာ တရုတ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဖန်ရောင်းနဲ့ ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမဲ့ ပြိုင်ပွဲထိုးသတ်ဖို့ ၁၀ ရက်အလိုမှာ ဖန်ရောင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်တာ ခံထားရတဲ့အတွက် ဘရာဇီးပြိုင်ဘက်နဲ့ ပြောင်းလဲထိုးသတ်ရတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နွန်ထဘူရီရှိ IMPACT ARENA ကွင်းမှာကျင်းပတဲ့ ဒီပွဲကို ရွှေပြောင်းလုပ်သားတွေအပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေလည်း လာရောက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။