close

အောင်လအန်ဆန်းက ဘရာဇီးဖိုက်တာ ဂါဗာအိုကို ပထမအချီမှာ အနိုင်ရ

ဇန်နဝါရီ ၁၄ ရက် ဒီနေ့မနက်က ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ONE Championship MMA ကိုယ်ခံပညာသိုင်းပေါင်းစုံထိုးသတ်ပွဲ CATCHWEIGHT တန်းပွဲစဉ်မှာ မြန်မာကိုယ်စားပြု  အောင်လအန်ဆန်းက   ဘရာဇီးဖိုက်တာ ဂီလ်ဘတ်တိုဂါဗာအိုကို အနိုင်ရသွားပါတယ်။

လက်သီးထိုးချက်တွေ၊ ခြေကန်ချက်တွေအားသာတဲ့ အောင်လအန်ဆန်းနဲ့ ကြမ်းပြင်မှာလှဲချ နပန်း ချုပ်ကွက်တွေ အားသာတဲ့ ဂါဗာအိုတို့ အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်ကြရာမှာ ပထမအချီမှာပဲ အောင်လအန်ဆန်းက အနိုင်ရသွားတာဖြစ်ပါတယ်။

ပွဲအပြီးမှာ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့  အောင်လအန်ဆန်းက ဆုတောင်းစကားပြောကြားသွားခဲ့ပါတယ်။ 

“မြန်မာပရိတ်သတ်ကို ကျနော်အမြဲတမ်းကျေးဇူးတင်တယ်။ အားလုံးကို အရမ်းချစ်တယ်။ ဒီအရင်တနှစ်က ကျနော့်အတွက် အရမ်းခက်ခဲတယ်။ ကျနော်လည်း စိတ်အရမ်းကျတယ်။ ဒါပေမဲ့ ပြောချင်တာက အားလုံး စိတ်ကိုတင်းတင်းထားပါ။ ငြိမ်းချမ်းရေးက ကျနော့်အတွက် အရေးအကြီးဆုံးပဲ။ ကျနော့်အသက်တာမှာ ငြိမ်းချမ်းရေးပဲ။  အဲတော့ အားလုံး ဆက်ပြီးတော့ ဆုတောင်းပါ။ ငြိမ်းချမ်းရေးအတွက် အားလုံးကို ဆုတောင်းပေးပါလို့ ကျနော်တိုက်တွန်းချင်ပါတယ်”

အစောပိုင်းက အောင်လအန်ဆန်းဟာ တရုတ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဖန်ရောင်းနဲ့ ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမဲ့ ပြိုင်ပွဲထိုးသတ်ဖို့ ၁၀ ရက်အလိုမှာ ဖန်ရောင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်တာ ခံထားရတဲ့အတွက် ဘရာဇီးပြိုင်ဘက်နဲ့ ပြောင်းလဲထိုးသတ်ရတာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး  နွန်ထဘူရီရှိ  IMPACT ARENA ကွင်းမှာကျင်းပတဲ့ ဒီပွဲကို ရွှေပြောင်းလုပ်သားတွေအပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေလည်း လာရောက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up