တရုတ်အာကာသယာဉ်စခန်းမှ ယာဉ်မှူးသုံးဦးနဲ့ ပေကျင်း၊ မကာအို၊ ဟောင်ကောင်တို့က ကျောင်းသားတွေ ၂၀၂၂ နှစ်သစ်အတွက် စကားစမြည်ပြောတဲ့အစီအစဉ်ကို တရုတ် နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
ကျောင်းသားတွေက တင်ဂွန် (Tiangong) အာကာသစခန်းထဲမှာ နေထိုင်ရတာ ဘာအခက်ခဲဆုံးလဲလို့ မေးပါတယ်။ အာကာသယာဉ်မှူးတွေက သူတို့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ကြံ့ခိုင်အောင် သတိရှိရှိ ကြိုးစားနေရတာ အခက်ဆုံးပါလို့ ဖြေပါတယ်။
အာကာသယာဉ်မှူး ချီရှီဂန်က ကမ္ဘာ့ဆွဲအား သုညအောက်မှာ နေထိုင်ရတာ ကြွက်သားတွေ အားနည်းပြီး၊ အရိုးထဲက ကယ်လ်ဆီယမ် ဆုံးရှုံးကုန်တယ်။ နောက်ပြီး အခန်းကျဉ်းလေးထဲမှာ အကြာကြီးနေရတော့ အထီးကျန်ပြီး စိတ်ဖိအားတွေ ရှိလာတာကြောင့် အလုပ်လုပ်ရင်း စိတ်ကိုလေ့ကျင့်ယူရတယ်လို့ ပြောပါတယ်။
တင်ဂွန် အာကာသစခန်းဟာ တရုတ်အမျိုးသား အာကာသအေဂျင်စီ ((CNSA) ရဲ့ စီမံကိန်းခုဖြစ်ပြီး ကမ္ဘာ့အနီးက ပတ်လမ်းထဲ လူသားတွေ အချိန်ကြာကြာ နေထိုင်နိုင်စေဖို့ ရည်မှန်းချက်နဲ့ လုပ်နေတာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံကြီးတွေကြား ကမ္ဘာ့အပြင်ဘက် အာကာသပြိုင်ဆိုင်မှာ တရုတ်က အဓိက စိန်ခေါ်သူဖြစ်လာပါတယ်။
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ၁၂ မိနစ်ကြာ ရင်သတ်ရှုမောဖွယ် မီးရှုးမီးပန်းအလှတွေ ပစ်လွှတ်ပြီး ၂၀၂၂ နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။
မီးရှုးမီးပန်း ၆ တန်ကျော်ကို အကြိမ် ၂၅,၀၀၀ ပစ်လွှတ်ခဲ့ပြီး ဆစ်ဒနီဆိပ်ကမ်းတံတားရဲ့ ကောင်းကင်ထဲမှာ ပန်းပွားမျိုးစုံ၊ ခရုခွံနဲ့ ဝေလငါးပုံတွေ ၈၀,၀၀၀ ကျော်ကို လာရောက်ကြည့်ရှုသူတွေ မြင်တွေ့ခဲ့ရပါတယ်။
အခု ဥရောပနဲ့ အာရှနိုင်ငံ အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကြောင့် New Year ပွဲ ကျင်းပမှုတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားရတဲ့အချိန်ပါ။
ဩစတြေးလျမှာတော့ လော့ခ်ဒေါင်းတွေ ဖြေလျော့ထားခဲ့ပြီး ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဘရစ်ဘိန်း စတဲ့မြို့ကြီးတွေမှာ နှစ်စဉ်ကျင်းပနေကြ Happy New Year ပွဲတွေကို စည်စည်ကားကား ကျင်းပနေတာပါ။