ကျင်းပပြီးစီးသွားတဲ့ G-20 အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတိုင်းမှာ ယူကရိန်း အရေးဟာ မဖြစ်မနေ ပါဝင်ဆွေးနွေးခဲ့ရတဲ့ ကိစ္စရပ်ဖြစ်ခဲ့တယ်လို့ အင်ဒိုနိးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
တချို့ အစည်းအဝေးတွေမှာ တက်ရောက်တဲ့ဝန်ကြီးတွေဟာ ရုရှားကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော် တိုက်ခိုက်နေတာကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုခဲ့တယ်လို့ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။
စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံရေး၊ ရုရှားနဲ့ ယူကရိန်းက ကောက်သီးနှံတွေနဲ့ ဓာတ်မြေသြဇာတွေ ကမ္ဘာ့ဈေးကွက်ထဲကို ပြန်ဝင်ရောက်နိုင်ရေး ကိစ္စဟာလည်း အရေးကြီးတယ်လို့ ပြောပါတယ်။
ဘာလီမှာ ကျင်းပခဲ့တဲ့ G-20 အစည်းအဝေးအတွင်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဘယ်လို သဘောတူညီချက်တွေ ရရှိခဲ့သလဲဆိုတာကိုတော့ အင်ဒိုနီးရှား ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောမသွားပါဘူး။
အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က အနောက်နိုင်ငံတွေဟာ ကမ္ဘာ့စီးပွားရေးမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အခွင့်အရေးကို ဖျက်ဆီးပြီး ပဋိပက္ခအပေါ်မှာပဲ အရူးအမူး ဖြစ်နေကြတယ်လို့ အပြစ်တင်ခဲ့ ပါတယ်။
ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းနဲ့ ပထဝီနိုင်ငံရေးပဋိပက္ခတွေက ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထနိုင်ဖို့ အတားအဆီး ဖြစ်နေတယ်လို့ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ (G-20) ဘဏ္ဍာရေးဝန်ကြီးတွေက ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အွန်လိုင်းကနေ အစည်းအဝေးလုပ်ခဲ့တဲ့ G20 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ယူကရိန်းအကျပ်အတည်းနဲ့ ကိုဗစ်-၁၉ ပြဿနာက လွှမ်းမိုးနေခဲ့တာပါ။
အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး သီရိမူလယာနီ အိန္ဒြာဝတီက ကမ္ဘာ့စီးပွားရေးဟာ ပြန်နာလန်ထလာပေမဲ့ နိုင်ငံအားလုံး ပြန်ထူထောင်လာလာတာ မဟုတ်ကြောင်း၊ ယူကရိန်း ပြဿနာက စီးပွားရေးနဲ့ ဘဏ္ဍာရေးအပေါ် ဂယက်ရိုက်မှုရှိပြီး ကမ္ဘာ့စီးပွားရေး ပြန်နာလန်ထမှုကို သက်ရောက်မှာ ဖြစ်ကြောင်း ပြောပါတယ်။
အစည်းအဝေးမှာ ဝင်ငွေ့နိမ့်နိုင်ငံတွေအပေါ် ကြွေးမြီလျှော့ပေါ့ရေးနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေရှိခဲ့ပြီး ကြေညာချက်တစုံတရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။