ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စစ်ဦးစီးချုပ်နဲ့ တပ်မှူး ၂ ဦးတို့ကို ရက္ခိုင့်တပ်တော်က အကြမ်းဖက်သတ်ဖြတ်သွားတယ်ဆိုတဲ့ ALP ရဲ့ ထုတ်ပြန်ချက်ဟာ စွပ်စွဲချက်သာဖြစ်ပြီး အခြေအမြစ်မရှိဘူးလို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“သက်သေအထောက်အထား တစုံတရာ ပြနိုင်တာမရှိဘဲ အခုလို ကျနော်တို့ ULA/AA နာမည်ကို ထုတ်သုံးပြီး စွပ်စွဲတာက လူထုအမြင်မှာ AA အပေါ် အမုန်းတရား ပွားစေလာအောင် ဖန်တီးချက်တခုသာ ဖြစ်ပါလိမ့်မယ်။”
ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် ၁၀၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဟာ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက စစ်တွေမြို့မှာပြုလုပ်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ပြီး ကားနဲ့ပြန်လာစဥ် ရက္ခိုင့်တပ်တော် (AA) ဘက်က လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ ဒီနေ့ ဇန်နဝါရီ ၅ ရက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
လက်ရှိအခြေအနေမှာ ALP ပါတီအတွင်း အုပ်စုကွဲမှုတွေ ဖြစ်ပေါ်နေပြီး အာဏာဆိုင်ရာ၊ ငွေကြေးဆိုင်ရာ ပဋိပက္ခတွေရှိနေသလို တခြားအင်အားစုတခုက ရခိုင်အချင်းချင်း ပြဿနာရှုပ်ထွေးလာအောင် ဖန်တီးလုပ်ကြံတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။
“အေအေဘက်က လုပ်ကြံတယ်ဆိုရင် သူတို့ဘက်က ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ပြပြီးမှ စွပ်စွဲသင့်တယ်လေ။ အခုက သူတို့အဖွဲ့ထဲမှာလည်း ပြဿနာတွေ ရှိနေတယ်လို့ သိရတယ်ဗျ။ စဉ်းစားစရာတခုက တခြားအင်အားစု တခုခုကလည်း ရခိုင်တပ်ဖွဲ့အချင်းချင်း ပြဿနာရှုပ်ထွေးလာအောင် ဖန်တီးချင်လို့ လုပ်ကြံ သတ်ဖြတ်တာတွေလည်း ရှိနိုင်တာပေါ့လေ။”
အခုလို လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ALP ပါတီ တာဝန်ရှိသူတဦးကတော့ ရခိုင်က လက်နက်ကိုင်တပ်ဖွဲ့ဝင်တိုင်း ရခိုင်ပြည်လွတ်မြောက်ဖို့ လုပ်ဆောင်တာဖြစ်ပြီး အခုလို ရက်စက်တဲ့ အကြမ်းဖက်နည်းလမ်းနဲ့ မလုပ်ဆောင်သင့်ကြောင်း ပြောပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် ဒုဗိုလ်မှူးကြီးတဦးနဲ့ ဗိုလ်ကြီးတဦးတို့ကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ ALP က ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဟာ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက စစ်တွေမြို့မှာ ကားနဲ့သွားနေစဉ် ရက္ခိုင့်တပ်တော် (AA) ဘက်က လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလိုအကြမ်းဖက်လုပ်ကြံတာဟာ ရခိုင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ပျက်စီးစေတာသာမက ရခိုင်ပြည်သူတွေကိုပါ တုန်လှုပ်ချောက်ချားစေတာကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ALP ကဆိုပါတယ်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနဲ့ အရာရှိ ၂ ဦး သတ်ဖြတ်ခံမှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ဘက်က ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။ ALP ရဲ့ထုတ်ပြန်ချက်ပါ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ထံက တုံ့ပြန်ချက်ရနိုင်ဖို့ ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
အသတ်ခံလိုက်ရတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြဟာ နှစ်ပေါင်း ၄၀ လောက် ပါတီကပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တဦး ဖြစ်ပြီး သေဆုံးသွားသူ ၃ ဦးမှာ ရခိုင်ပြည်အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ ALP က ဆိုပါတယ်။
ULA/AA ဘက်က ALP ပါတီရဲ့ ခေါင်းဆောင်တွေ၊ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ၊ လုပ်ကြံသတ်ဖြတ်တာတွေ အပါအဝင် တခြားရခိုင်နိုင်ငံရေးပါတီတွေက ပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေ၊ ရဟန်းသံဃာတွေပါမချန် အရပ်သားပြည်သူ လူထုကိုပါ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာ၊ လုပ်ကြံသတ်ဖြတ်တာတွေကို ဆက်တိုက် ပြုလုပ်နေတာကြောင့် တရားမျှတမှုရအောင် လုပ်ဆောင်သွားမယ်လို့လည်း ALPက ထုတ်ပြန်တယ်။
ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနဲ့ အရာရှိ ၂ ဦးဟာ စစ်ကောင်စီရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားက အပြန် စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ALP ရုံးရှေ့မှာ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်၊ စက်တင်ဘာနဲ့ နိုဝင်ဘာလတို့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဗဟိုကော်မတီဝင် နှစ်ဦး အပါအဝင် ရဟန်း ၄ ပါးကို အေအေက ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။
ALP ဟာ လက်ရှိ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့အဖွဲ့ဖြစ်ပြီး ALP ခေါင်းဆောင်တွေဟာလည်း စစ်ခေါင်းဆောင်နဲ့ မကြာမကြာ နေပြည်တော်မှာ သွားရောက်တွေ့ဆုံ နီးစပ်မှုရှိတာကြောင့် ရခိုင်ပြည်သူတွေရဲ့ ဝေဖန်တာတွေ ခံနေရတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
ရက္ခိုင်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲခဲ့ရတာဟာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့်ဖြစ်ပြီး သဘောတူချက်များစွာ ရရှိထားကြောင်း အေအေပြောခွင့်ရ ခိုင်သုခက နိုဝင်ဘာ ၂၈ ရက် မနက်က ကျင်းပတဲ့ ULA/AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“စစ်ကောင်စီနဲ့ လက်ရှိ အပစ်အခတ်ရပ်စဲလိုက်တာက ပြည်သူလူထုတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ရှေ့ရှုပြီး အပစ်အခတ်ရပ်လိုက်တာ ဖြစ်တယ်။ ရှင်းရှင်းပြောရရင် ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ဖြစ်တယ်။ သဘောတူညီချက်တွေက များစွာရရှိထားတယ်။ မကြာမီ ထုတ်ပြန်သွားဖို့ရှိပါတယ်။”
အေအေနဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာ ၂၆ ရက်က စတင်ပြီး နှစ်ဖက် အလွတ်သဘောတူညီခဲ့ကြကြောင်း နှစ်ဖက်စလုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက မီဒီယာတွေကို ဖြေကြားထားပါတယ်။
အပစ်အခတ် ရပ်စဲထားပေမဲ့လည်း ရက္ခိုင့်တပ်တော် (အေအေ) ဘက်က တပ်တွေဟာ လက်ရှိအနေအထားအတိုင်းသာ ရှိနေမှာဖြစ်ပြီး အပြောင်းအလဲမရှိဘူးလို့ ခိုင်သုခက ဆိုပါတယ်။
“အပစ်အခတ် ရပ်ထားတာပဲရှိတယ်။ တပ်တွေ နေရာချထားတာတွေက ဒီအတိုင်းရှိနေမှာပါ။ စစ်ကောင်စီနဲ့ ဘာတွေသဘောတူထားလဲဆိုတော့ လတ်တလောမှာ ပြောလို့မရပေမဲ့ နောက်ပိုင်းမှာ ထုတ်ပြန်သွားဖို့ ရှိပါတယ်။ အားလုံးသိကြရမှာပါ။”
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ ပထမအကြိမ် အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။
အဲဒီနောက် ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ စစ်ကောင်စီနဲ့ အေအေတို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး အခု ဒုတိယအကြိမ် မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ဒုတိယအကြိမ် နှစ်ဖက် အပစ်အခတ် ရပ်စဲထားကြတာလည်း ဖြစ်ပါတယ်။