close

ဗိုလ်ချုပ်ခိုင်စိုးမြနှင့် အရာရှိ ၂ ဦးလုပ်ကြံခံရမှု အေအေလက်ချက်ဖြစ်ဟု ALP ထုတ်ပြန်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် ဒုဗိုလ်မှူးကြီးတဦးနဲ့ ဗိုလ်ကြီးတဦးတို့ကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က လုပ်ကြံသတ်ဖြတ်ခဲ့တာလို့  ALP က ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဟာ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက စစ်တွေမြို့မှာ ကားနဲ့သွားနေစဉ် ရက္ခိုင့်တပ်တော် (AA) ဘက်က လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုအကြမ်းဖက်လုပ်ကြံတာဟာ ရခိုင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ပျက်စီးစေတာသာမက ရခိုင်ပြည်သူတွေကိုပါ တုန်လှုပ်​ချောက်ချားစေတာကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့  ALP ကဆိုပါတယ်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနဲ့ အရာရှိ ၂ ဦး သတ်ဖြတ်ခံမှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ဘက်က ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။  ALP ရဲ့ထုတ်ပြန်ချက်ပါ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ထံက တုံ့ပြန်ချက်ရနိုင်ဖို့  ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

အသတ်ခံလိုက်ရတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြဟာ နှစ်ပေါင်း ၄၀ လောက် ပါတီကပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တဦး ဖြစ်ပြီး သေဆုံးသွားသူ ၃ ဦးမှာ ရခိုင်ပြည်အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ ALP က ဆိုပါတယ်။

ULA/AA ဘက်က ALP ပါတီရဲ့ ခေါင်းဆောင်တွေ၊ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ၊ လုပ်ကြံသတ်ဖြတ်တာတွေ အပါအဝင် တခြားရခိုင်နိုင်ငံရေးပါတီတွေက ပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေ၊ ရဟန်းသံဃာတွေပါမချန် အရပ်သားပြည်သူ လူထုကိုပါ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာ၊ လုပ်ကြံသတ်ဖြတ်တာတွေကို ဆက်တိုက် ပြုလုပ်နေတာကြောင့် တရားမျှတမှုရအောင် လုပ်ဆောင်သွားမယ်လို့လည်း ALPက ထုတ်ပြန်တယ်။

ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနဲ့ အရာရှိ ၂ ဦးဟာ စစ်ကောင်စီရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားက အပြန် စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ALP ရုံးရှေ့မှာ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်၊ စက်တင်ဘာနဲ့ နိုဝင်ဘာလတို့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဗဟိုကော်မတီဝင် နှစ်ဦး အပါအဝင် ရဟန်း ၄ ပါးကို အေအေက ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

ALP ဟာ လက်ရှိ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့အဖွဲ့ဖြစ်ပြီး ALP ခေါင်းဆောင်တွေဟာလည်း စစ်ခေါင်းဆောင်နဲ့ မကြာမကြာ နေပြည်တော်မှာ သွားရောက်တွေ့ဆုံ  နီးစပ်မှုရှိတာကြောင့် ရခိုင်ပြည်သူတွေရဲ့ ဝေဖန်တာတွေ ခံနေရတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up