စစ်ကောင်စီကို နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်မည်ဟု ချင်းလက်နက်ကိုင်တပ်ဖွဲ့သစ် ကြေညာ

ဒီမိုကရေစီတောင်းဆိုတဲ့ အရပ်သား ၇၅၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီကို တိုက်ခိုက်ဖို့ ချင်းလက်နက်ကိုင်တပ်ဖွဲ့သစ်တစ်ခု ဧပြီ ၂၅ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Chinland Defense Force (CDF) လက်နက်ကိုင်တပ်ဖွဲ့ဟာ စစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ချင်းလက်နက်ကိုင်အဖွဲ့ကို ဧပြီ ၄ ရက်နေ့ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေ၊ CDM ဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူတွေအား နည်းမျိုးစုံနဲ့ စစ်ဆေးမေးမြန်းတာ၊ နှောက်ယှက် ဖမ်းဆီးတာ၊ သတ်ဖြတ်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့ စစ်အာဏာရှင်စစ်ကောင်စီရန်မှ ကာကွယ်သွားဖို့ ချင်းပြည်နယ် (၉)မြို့နယ်နှင့် ပြည်နယ်ပြင်ပရှိ ချင်းအမျိုးသားများက ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။
စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် NUG အပါအဝင် သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ချင်းလဲန်းဒေသအတွင်း တရားစီရင်ရေး၊ ဥပဒေပြုရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာတွေကို ချင်းအက်ဥပဒေေ၊ ချင်းရိုးရာဓလေ့ထုံးတမ်းနဲ့ ကျင့်သုံးသွားမယ်လို့ CDF က ကြေညာထားပါတယ်။