မြန်မာလေတပ်ကာကွယ်ရေးဦးစီးချုပ် မော်စကို သွားမည်

မြန်မာလေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဦးဆောင်တဲ့ မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၂၀ ရက် ဒီကနေ့ ရုရှားနိုင်ငံ မော်စကိုကို သွားရောက်မှာဖြစ်ကြောင်း မြန်မာသံရုံးဝန်ထမ်းတယောက်ကို ကိုးကားပြီး မော်စကိုတိုင်းမ် သတင်းမှာ ဖော်ပြပါတယ်။
မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၂၀ ကနေ ၂၂ ရက်အထိ မော်စကိုမှာ ကျင်းပမယ့် ရုရှားနိုင်ငံရဲ့ အကြီးဆုံး ရဟတ်ယာဉ်ပြပွဲဖြစ်တဲ့ ဟယ်လီရုရှပြပွဲကြီးကို တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
မြို့တော်ရှိ ခရိုးကပ်စ်စင်တာမှာ ကျင်းပတဲ့ ပြပွဲမှာ နောက်ဆုံးပေါ် Ka-52 နဲ့ Mi-28NE တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ပြသသွားဖို့ စီစဉ်ထားတယ်လို့ ရုရှအစိုးရပိုင် လက်နက်ရောင်းချရေးအေဂျင်စီ ရိုဆိုဘိုရွန် export ကပြောပါတယ်။
မြန်မာနိုင်ငံဟာ ဒီပြပွဲကို တက်ရောက်မယ့် နိုင်ငံပေါင်း ၅၀ ကျော်ထဲက တနိုင်ငံဖြစ်တယ်လို့ ဆိုပြီး တက်ရောက်ဖြစ် မဖြစ်ကိုတော့ ဖြေကြားဖို့ ငြင်းဆန်ထားပါတယ်။
မြန်မာ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ ဖေဖော်ဝါရီ ၁ ရက် မြန်မာစစ်တပ်အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်နေတဲ့အတွက် အနောက်နိုင်ငံတွေဟာ ဒဏ်ခတ်အရေးယူထားတဲ့စာရင်းထဲမှာ ပါဝင်နေပါတယ်။