ဂါဇာတိုက်ပွဲ အဆုံးသတ်ရန် အချိန်မသတ်မှတ်ဟု အစ္စရေးအစိုးရ ပြော

အစ္စရေးအစိုးရက ဂါဇာနဲ့ တိုက်ပွဲတွေ အဆုံးသတ်ဖို့ အချိန်မသတ်မှတ် ထားဘူးလို့ မေ ၁၉ ရက်မှာ ပြောပါတယ်။
အစ္စရေးစစ်တပ်က ပါလက်စတိုင်းတွေရဲ့ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းက တိုက်ခိုက်နေပြီး ဂါဇာက ဟားမတ်စ်တွေက နယ်စပ်ဖြတ်ကျော် ဒုံးကျည်တွေနဲ့ ဆက်ပြီး ပစ်ခတ် တိုက်ခိုက်နေလို့ အပစ်အခတ်ရပ်စဲမယ့် အရိပ်လက္ခဏာ မရှိဘူးလို့ မီဒီယာတွေက ရေးသားနေကြ ပါတယ်။
“အစ္စရေးက ဆယ်ရက်တာ ဗုံးကြဲခဲ့လို့ လူ ၂၁၉ ယောက် သေဆုံးပြီး လမ်းတွေ အဆောက်အအုံတွေနဲ့ တခြားအခြေခံအဆောက်အဦတွေ ပျက်စီးကုန်တယ်။ နဂိုတည်းက ဆိုးရွားနေတဲ့ ဂါဇာက လူသားချင်း စာနာမှု အခြေအနေတွေက ပိုဆိုးလာတယ်”လို့ ပါလက်စတိုင်း ဆေးဘက်အရာရှိတွေက ပြောပါတယ်။
ပါလက်စတိုင်းဘက်က ဒုံးကျည်တွေနဲ့ ထပ်ခါတလဲ ပစ်ခတ်လို့ အစ္စရေးဘက်မှာ ထိတ်လန့် ခြောက်ခြားနေပြီး ပြည်သူတွေ ဗုံးခိုကျင်းထဲ ပြေးဝင်နေရသလို သေဆုံးသူ ၁၂ဦး ရှိတယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။
အပစ်အခတ် ရပ်စဲရေးအတွက် ဒေသတွင်းနဲ့ အမေရိကန်ဦးဆောင်တဲ့ သံတမန်ရေး အားထုတ်မှုတွေ မအောင်မြင်သေးပါဘူး။
ဂါဇာကမ်းမြောင်တောင်ပိုင်းက ဟားမတ်စ်တွေ သုံးတဲ့ မြေအောက် ဥမင်တွေကို ပစ်မှတ်ထားပြီး ၂၅ မိနစ်ကြာ ဗုံးကြဲခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ခုတကြိမ်တိုက်ပွဲဟာ လတ်တလော နှစ်တွေအတွင်း ဟားမတ်စ်နဲ့ အစ္စရေးကြား အပြင်းထန်ဆုံးဖြစ်ပြီး အစ္စရေးမြို့တွေထဲက ဂျူးနဲ့ အာရပ်တွေကြား လမ်းပေါ် အကြမ်းဖက်မှုတွေ ကို မီးလောင်ရာ လေပင့်သလိုဖြစ်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။