close

ဂါဇာတိုက်ပွဲ အပစ်အခတ်ရပ်စဲ၊ ကမ္ဘာ့ခေါင်းဆောင်များ ကြိုဆို

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကိုအုပ်ချုပ်တဲ့ ဟားမတ်စ်တွေအကြား  ၁၁ ရက်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မေ ၂၁ ရက်မှာတော့ အပစ်အခဲရပ်စဲမှုကို စတင်လိုက်ပါပြီ။

အီဂျစ်ရဲ့ကြားဝင်စေ့စပ်မှုကို  မနေ့ည ၁၁ နာရီမှာ လက်ခံလိုက်ပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်တဲ့သတင်းကို ကြားပြီးနောက်မှာ ဂျေရုဆလင်မ် ဂါဇာနဲ့ အနောက်ဖက်ကမ်းက ပါလက်စတိုင်းတွေဟာ အလံတွေဝှေ့ယမ်းပြီး ပျော်ရွှင်ကြပါတယ်။

အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့ဟာ ဂါဇာကမ်းမြောင်က ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲ ဖို့ ကြားဝင်ဆွေးနွေးညှိနှိုင်းတဲ့ အီဂျစ်ဖျန်ဖြေရေးအဖွဲ့နဲ့ ၂ နာရီခွဲကြာ ဆွေးနွေးမှုအပြီးမှာတော့ နှစ် ဖက်လုံးက အပစ်အခတ်ရပ်စဲကြောင်း သဘောတူဆုံးဖြတ်ချက်ကို အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု ရုံးခန်းကနေ ကြေညာခဲ့ပါတယ်။ 

တဘက်ဘက်က ဒီအပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ရင် တခြားတဘက်ကလည်း လက်တုံ့ပြန်ဖို့ အဆင်သင့်ပဲလို့လည်း နှစ်ဘက်လုံးက ပြောကြားပါတယ်။  အပစ်အခတ်ရပ်စဲဖို့ ကြေညာထားတဲ့ ဒေသစံတော်ချိန် မနက် ၂ နာရီ မထိုးခင်လေးမှာပဲ ပါလက်စတိုင်းက ဒုံးကျည်တွေကို ထိန်းထားလိုက်နိုင်ပြီး အစ္စရေးဘက်က အနည်း လေကြောင်း တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။   

၁၁ ရက်ကြာ အစ္စရေး-ပါလက်စတိုင်း ဟားမတ်စ်တိုက်ပွဲမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ကလေး ၆၅ ယောက်အပါအဝင် ပါလက်စတိုင်းလူမျိုး ၂၃၂ ယောက် သေဆုံးပြီး ၁၉၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဂါဇာကျန်းမာရေး အရာရှိတွေက ပြောပါတယ်။  အစ္စရေးဟာ ပါလက်စတိုင်း တိုက်ပွဲဝင်သူ ၁၆၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။  အစ္စရေးဘက်ကတော့ ၁၂ ‌ယောက် သေဆုံးခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးတိုက်ပွဲတွေ အပြီးမှာ ထိခိုက်ပျက်စီးသွားတဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးအပ်သွားမယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။ 

ကုလသမဂ္ဂမှ ဖွင့်ထားတဲ့ကျောင်းတွေကို သွားရောက်ခိုလှုံနေကြတဲ့ ဂါဇာက မိသားစုတွေ လည်း အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ထွက်လာအပြီးမှာ သူတို့အိမ်တွေဆီ ပြန်နေကြ ပါပြီ။

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးတိုက်ပွဲတွေအဆုံးသတ် အပစ်အခတ်ရပ်စဲပြီးနောက်မှာ ကမ္ဘာ့ခေါင်းဆောင််တွေဟာ ဆိုရှယ်မီဒီယာမှာ ကြိုဆိုတုံ့ပြန်ခဲ့ ကြပါတယ်။ 

အီဂျစ်သမ္မတ အယ်လ်စီစီကက သူ့ရဲ့တွစ်တာမှာ- သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဖုန်းပြောဆိုမှုတွေမှာ အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို တည်ငြိမ်အေးချမ်းစေဖို့ ဖော်မြူလာတစ်ခု ရရှိဖို့ အမြင်ချင်းဖလှယ်ရတာ ကျေနပ်စရာပါ လို့ ရေးသားထားပါတယ်။ 

သံတမန်နည်းလမ်းတွေနဲ့ အဖွဲ့တွေအားလုံးကြားက ပဋိပက္ခတွေကို စီမံခန့်ခွဲဖို့ လိုအပ်ချက်တွေအပေါ် အမြင်သဘောထားတွေလည်း သဟဇာတဖြစ်ပါတယ်လို့လည်း ဆိုထား ပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကန်က အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂါဘီ အက်ရှ်ကန်နာဇီနဲ့ စကားပြောဖြစ်ခဲ့ပြီး အီဂျစ်က ကြားဝင်ဆောင်ရွက်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး ကို အဖွဲ့တွေက သဘောတူကြောင်း အတည်ပြုချက်ကိုလဲ ကြိုဆိုတယ်လို့ ပြောပါတယ်။

လာမယ့်ရက်တွေအတွင်း အဲ့ဒီဒေသကို ခရီးသွားမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး၊ တခြား အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေ ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဒေါမနစ်ရာ့ဘ်ကလည်း အစ္စရေးနှင့်ဂါဇာက အပစ်အခတ် ရပ်စဲရေးကို ရေရှည်ခံအောင်နဲ့  လက်မခံနိုင်စရာ အကြမ်းဖက်မှုနဲ့ ပြည်သူတွေ အသက်ဆုံးရှုံးရမှု သံသရာကို အဆုံးသတ်ဖို့ နှစ်ဖက်စလုံးမှလုပ်ဆောင်ရမယ်လို့ တွစ်တာမှာ ရေးသားထားပြီး  ယူကေဟာ ငြိမ်းချမ်းရေးရရှိစေဖို့ ကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ခံနေတယ်လို့လည်း ဆိုပါတယ်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ အန်တိုနီယိုဂူးတားရက်စ်ကလည်း အပစ်ရပ်စဲရေးကို ကြိုဆိုလိုက်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေဟာ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထူထောင်ပြီးနောက်မှာ ပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းဖို့ အလေးအနက်တွေ့ဆုံဆွေးနွေးမှုကို စတင်ဖို့တာဝန်ရှိတယ်လို့ တွစ်တာမှာ ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up