ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာသား ၁ ဦးအား ပစ်သတ်

ကနီမြို့နယ် ခုံကြီးအုပ်စု မြောင်းကုန်းကျေးရွာ ရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ဥပဒေမဲ့ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ မြောင်းကုန်းကျေးရွာသားတွေက ပြောပါတယ်။
မြောင်းကုန်း ရပ်မိရပ်ဖတစ်ယောက်က "သတ်တာကတော့ ရက်စက်လွန်းပါတယ်ဗျာ။ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာ။ သေဆုံးသူက မောင်ဖိုးဆွေ (အသက် ၃၅ နှစ်) ပါ။ သူနိုင်ငံရေးဆို ဘာမှမသိပါဘူးဗျာ။ သားသမီး ၂ ယောက်နဲ့ သူ့မိန်းမတော့ အားကိုးရာမဲ့ ဖြစ်တာပေါ့။ အပြစ်မဲ့ပြည်သူ တစ်ယောက်ပါ” လို့ DVB ကို ပြောဆိုပါတယ်။
ကိုဖိုးဆွေဟာ ရိုးသားစွာ မိရိုးဖလာတောင်သူလုပ်ငန်း အသက်မွေးဝမ်းပြုသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ မေလ ၂၂ ရက်နေ့က မြောင်းကုန်း ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်က မြောင်းကုန်းရွာကိုတပ်စွဲကာ ကျေးရွာအတွင်းက အပစ်မဲ့ပြည်သူတွေ ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ဆောင်ကာ အပြစ်မဲ့ ပြည်သူတွေရဲ့နေအိမ်တွေ ဖျက်ဆီးခဲ့ပြီး ဆန် ဆီတွေနဲ့ အိမ်မွေးတိရိစ္ဆာန်ကို သတ်ဖြတ်စားသောက်သွားတယ်လို့ သိရပါတယ်။