မြန်မာပြည်အခြေအနေ အလုံးစုံ ဆိုးရွားလာနေပြီဟု ကုလအထူးကိုယ်စားလှယ်ပြော

စစ်တပ်ရဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် မြန်မာပြည်သူ ၈၀၀ ကျော် သေဆုံးထားပြီး ၅၃၀၀ ကျော် အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ အလွန်ဆိုးရွားနေပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှာရနာ ဘာဂီနာက ပြောကြားလိုက်ပါတယ်။
မေလ ၂၄ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာပြည်မှာ လူတွေဟာ တခြားဒေသတွေ၊ နယ်စပ်တွေကျော်ပြီးတောင် ပြေးနေရတယ်၊ လက်ရှိ ချင်းပြည်နယ်က အခြေအနေတွေ အရမ်းဆိုးနေတယ်လို့ မစ္စ ဘာဂန်နာက ပြောပါတယ်။
အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတွေဟာ ခုအချိန်မှာ အစားအစာ၊ ရေ၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေဆီသွားဖို့ အခက်အခဲတွေ ရှိနေပြီး ကိုဗစ်ကပ်ဘေးကလည်းအတူတူ ရောက်လာတယ်။ တဖက်မှာလည်း ဆန္ဒပြသူတွေဟာ ခုခံကာကွယ်နေကြတာကနေ အိမ်လုပ်လက်နက်တွေကို သုံးပြီး တချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဆီကနေ စစ်သင်တန်းလေ့ကျင့်မှု ခံယူပြီးတော့ တိုက်ခိုက်ထိုးစစ်ဆင်တဲ့ နည်းဗျူဟာကို ပြောင်းလဲလာကြပြီလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောပါတယ်။
နိုင်ငံရေးအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးပြိုလဲမှုတွေကြောင့် လာမယ့် ၃ လကနေ ၆ လအတွင်း လူဦးရေ ၃ ဒသမ ၄ သန်းလောက် စားနပ်ရိက္ခာ မလောက်ငတဲ့ အန္တရာယ် ရှိနိုင်တယ် လို့ မစ္စ ဘာဂီနာက ခန့်မှန်းထားပါတယ်။
ဒါကြောင့် အားလုံးခြုံပြောရရင် မြန်မာပြည်ရြ့အခြေအနေ အလုံးစုံ ဆိုးရွားနေတာပါလို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က နိဂုံးချုပ် ပြောသွားပါတယ်။