ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဂျပန်ရောက်မြန်မာများ ဆန္ဒပြမည်

ဂျပန်မှာကျင်းပမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဂျပန်ရောက်မြန်မာတွေ ဆန္ဒပြကြမှာဖြစ်ကြပြီး မြန်မာပြည်သူတွေကို ကိုယ်စားပြုလာကစားမယ့် မြန်မာအသင်းဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအကြပ်ဖိအားပေးခံရပြီး ကစားနေရတယ်ဆိုတာ ဂျပန်အစိုးရနဲ့ ကမ္ဘာပြည်သူတွေသိအောင်လုပ်သင့်တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ မဆွေဆက်အေးက ဒီဗွီဘီကို ပြောပြပါတယ်။
“ကစားမယ့်ကွင်းရှေ့မှာ ညီမတို့ဆန္ဒဖော်ထုတ်ကြမှာပါ။ အခုလာကစားတဲ့သူတွေတချို့က စစ်ကောင်စီရဲ့ ဖိအားပေးခံထားရသူတွေဖြစ်တယ်လို့ ကြားသိရပါတယ်။ သူတို့က မြန်မာပြည်သူတွေဘက်က ရပ်တည်ချင်တယ်၊ ရုန်းထွက်ချင်တယ်ဆိုရင် သူတို့အနေနဲ့ မြန်မာပြည်တွေရဲ့ ဆန္ဒကို ဖော်ထုတ်စေချင်တယ် မျှော်လင့်နေကြတယ်။ နိုင်ငံရေးနဲ့ အားကစားနဲ့ မပတ်သက်ရဘူးဆိုပေမယ့် အခုဟာက နိုင်ငံရေးအဆင့်မဟုတ်ဘဲ တိုင်းပြည်တွင်းက ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက နေ့စဉ် အကြမ်းဖက်သတ်ဖြတ်နေတာပါ။ ပြီးခဲ့တဲ့ မတ်လက ဂျာမန်အသင်းက ကွင်းထဲမှာ အိမ်ရှင်ကာတာအသင်းကို လူအခွင့်အရေး စာတမ်းပါတဲ့ ဝတ်စုံဝတ်ဆန္ဒပြတာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကလည်း အရေးမယူခဲ့ဘူး ဒါကြောင့် ဂျာမန်နည်းပြ အပါအဝင် မြန်မာဘောလုံးသမားများအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကမ္ဘာကို ဖော်ထုတ်သင့်တယ်။”
တကယ်လို့ ဂျပန်မှာ လာကစားတဲ့ ဘောလုံးသမားတွေထဲက မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ အရေးယူခံရမှာကို စိုးရိမ်ပါက မိမိတို့ပြည်ထောင်စုမြန်မာနိုင်ငံသားအသင်းကို ဆက်သွယ်နိုင်ပြီး ကူညီဆောင်ရွက်ပေးမယ်လို့ အသင်းတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးသန်းဆွေက ပြောပါတယ်။
လက်ရွေးစင်အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က စစ်အုပ်ချုပ်မှုအောက်တာဝန်မထမ်းဆောင်လိုကြောင်း အတိအလင်းကြေညာက CDM ဝင်ရောက်ခဲ့သလို ကျော်ကိုကို၊ အောင်သူ၊ ဇော်မင်းထွန်း၊ ကျော်ဇင်ထက်၊ ကျော်ဇင်ဖြိုး တို့အပါအဝင် အခြားနာမည်ကျော်ကစားသမားတွေလည်း ပါဝင်မကစားကြတာကို တွေ့ရပါတယ်။
မြန်မာအသင်းဟာ မေလ ၂၈ ရက်မှာ ဂျပန်အသင်းနဲ့ ချီးဘာခရို င်Fukuda Denshi Arena မှာ စတင်ကစားမှာဖြစ်ပြီး ဇွန် ၁၁ ရက်နဲ့ ၁၅ ရက်မှာ အိုဆာကာ Yanmar Stadium မှာ ပြိုင်ပွဲဝင်ကစားရမှာလည်းဖြစ်ပါတယ်။